
ဘော်လွန်းဒီအော်ဆုအတွက် ဘာစီလိုနာစတားရေပန်းဘာကြောင့် ပိုစားလဲဆိုတာကို အွန်နရီ ရှင်းလင်း
အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ဆာလက် နဲ့ ကိန်းတို့ကိုကျော်ဖြတ်ပြီး ရာဖင်ဟာက ဘာကြောင့် ဘော်လွန်းဒီအော်ဆုကိုကို ရေပန်းစားလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဘင်ဖီကာကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတစ်ရပ်ထပ်မံပြသနိုင်ခဲ့ပါတယ်။
ကွာတားဖိုင်နယ်မှာ ဘာစီလိုနာဟာ ဘိုင်ယန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဘိုင်ယန်က လေဗာကူဆင်ကို ၂ ကျော့ပေါင်း ၅-၀ နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ကိန်းက ဘိုင်ယန်အတွက် ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကိန်း နဲ့ ရာဖင်ဟာတို့က သက်ဆိုင်ရာအသင်းတွေအတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့် ဆာလက်ရဲ့လီဗာပူးအသင်းကတော့ ပီအက်စ်ဂျီကို ပင်နယ်တီနဲ့အရေးနိမ့်ကာ ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပါတယ်။
အင်္ဂါနေ့ပွဲအပြီးမှာ ရာဖင်ဟာက ကိန်း နဲ့ ဆာလက်တို့ရဲ့ပြိုင်ပွဲစုံဂိုးသွင်းစံချိန်ကို လိုက်မီလာနေတာဖြစ်ပါတယ်။ အင်္ဂလန်သား နဲ့ အီဂျစ်သားတို့ဟာ ၃၂ ဂိုးစီသွင်းယူထားနိုင်ခဲ့ပြီး ရာဖင်ဟာက ၂၇ ဂိုးအထိရှိလာခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ်မှာ ၁၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ရာဖင်ဟာရဲ့စွမ်းဆောင်ရည်ကို အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ချီးကျူးပြောကြားခဲ့ပြီး ဘော်လွန်းဒီအော်ဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေတ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“ရာဖင်ဟာက အခုလက်ရှိမှာ ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းအစားဆုံးလို့ ကျွန်တော်ထင်ပါတယ်။ သူချန်ပီယံလိဂ်မှာ လုပ်ပြနေတာတွေက တကယ်ကောင်းသလို ၁၁ ဂိုးအထိလည်းသွင်းယူထားနိုင်ပါတယ်။ ဆာလက်ကလည်း ရေပန်းစားသလို ကိန်းကလည်း ရေပန်းစားပေမယ့် ချန်ပီယံလိဂ်စွမ်းဆောင်ရည်အပေါ်မျာ မူတည်နေတာပါ။ ဒါ့အပြင် လိဂ်မှာလည်း ထိပ်ဆုံးမှာ ရပ်တည်ဖို့ လိုအပ်ပါတယ်။
ရာဖင်ဟာက ဂိုးအများကြီးသွင်းထားပေမယ့် ပင်နယ်တီ ၁ ကြိမ်ပဲပါပါတယ်။ဆာလက် နဲ့ ကိန်းတို့ ပင်နယ်တီပါတာကို ပြောနေတာမဟုတ်ပါဘူး။ ဆာလက်ဆိုရင်လည်း ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။
ကျွန်တော်ပြောနေတာက တူညီတဲ့သွင်းဂိုးအနေအထား နဲ့ ပင်နယ်တီမပါတာကိုပြောနေတာပါ။ သူတို့လုပ်ဆောင်နေတာတွေက ဆိုးဝါးတယ်လို့ ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။
ဒါပေမယ့် ရာဖင်ဟာက အနည်းငယ်ပိုကောင်းနေပါတယ်။ လူတွေက ပြီးပြည့်စုံတဲ့တိုက်စစ်မှူးအကြောင်းပြောချိန်မှာ ခင်ဗျားအနေနဲ့ ဖိအားဒဏ်ခံနိုင်မှု ၊ ခံစစ်ပိုင်းကူညီမှုတွေလည်း ပါဝင်ပါတယ်။ ရာဖင်ဟာမှာက အားလုံးရှိနေပါတယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။ ရာဖင်ဟာက ပင်နယ်တီ ၁ ကြိမ်ကနေ ၁ ဂိုးသွင်းယူထားပြီး ကိန်းက ပြိုင်ပွဲစုံပင်နယ်တီကနေ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ဆာလက်က ပရီးမီးယားလိဂ် ၂၇ ဂိုးမှာ ပင်နယ်တီ ၉ ကြိမ်ပါဝင်နေပါတယ်။
တကယ်လို့ ဘာစီလိုနာအနေနဲ့ ဒီရာသီချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့ရင် အသက် ၂၈ နှစ်သားက ရွှေဘောလုံးဆုရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။