The network connection is lost.

Banner Image

အမ်မရီလက်အောက်မှာ စိတ်ပျက်မှုတွေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဗီလာစတား

ဗီလာတိုက်စစ်မှူး ဝက်တ်ကင်းက နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အရန်ခုံထားခဲ့တဲ့ အမ်မရီရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့အပတ်တွေက ဒူးဒဏ်ရာကြောင့် ရုန်းကန်နေရတာဖြစ်ပြီး အဆိုပါအခြေအနေကြောင့် ဗီလာအသင်းရဲ့နောက်ဆုံး ၄ ပွဲကို အရန်ခုံမှာထိုင်ခဲ့ရပါတယ်။ ဝက်တ်ကင်းက ဗီလာအသင်းရဲ့အရေးပါတဲ့အချိန်မှာ အခုလိုမျိုးလျော့ချခံရတာနဲ့ပတ်သက်ပြီး စိတ်ပျက်နေပါတယ်။

ဗီလာအသင်းဟာ လက်ရှိမှာ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရသလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရေးအတွက် အာရုံစိုက်နေရတာဖြစ်ပါတယ်။ အဆိုပါအနေအထားတွေဖြစ်နေချိန်မှာ ဝက်တ်ကင်းက သူ့ကိုအရန်ခုံမှာ ထိုင်ခိုင်းထားတာနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေပါတယ်။ ပီအက်စ်ဂျီနဲ့ဒုတိယအကျော့ပွဲမတိုင်ခင် ဝက်တ်ကင်းက “ကျွန်တော့်အတွက် အရန်ခုံမှာထိုင်ရတာကို မပျော်မရွှင်ဖြစ်မိပါတယ်။ ပွဲတိုင်းအရန်ခုံမှာထိုင်ရတာကို စိတ်ပျက်ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ နည်းပြရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာပါ”လို့ ဝက်တ်ကင်းက ပြောကြားခဲ့ပါတယ်။

ဝက်တ်ကင်းတစ်ယောက် စိတ်ပျက်နေပေမယ့် ဗီလာအသင်းနဲ့အတူ စံချိန်သစ်တင်နိုင်ဖို့ အခြေအနေကောင်းနေပြီး ယခင်စတားဟောင်း အဘွန်လဟောရဲ့ပရီးမီးယားလိဂ်သွင်းဂိုး ၇၄ ဂိုးကို လိုက်မီနိုင်ဖို့ ၁ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။ “ကျွန်တော် စံချိန်တွေကိုတောင် သတိမထားမိပါဘူး။ ကျွန်တော် စံချိန်တင်ချင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပင်နယ်တီတွေကန်ချင်တာပါ။ အဘွန်လဟောရဲ့စံချိန်ကို လိုက်မီနိုင်ဖို့ ၁ ဂိုးသာ လိုအပ်တော့ပါတယ်။
၂ ဂိုးဆိုရင်တော့ ကျော်ဖြတ်နိုင်ပါပြီ။ ကျွန်တော် စံချိန်သစ်တင်နိုင်ဖို့ တွေးထားပါတယ်။ အဲ့အတွက်လည်း အကောင်းဆုံးလုပ်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်”လို့ ဝက်တ်ကင်းက ပြောကြားခဲ့ပါတယ်။

ဝက်တ်ကင်းဟာ ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ပထမအကျော့ပွဲမှာ ၁၁ မိနစ်သာ ပါဝင်ခွင့်ရရှိခဲ့ပြီး ဒုတိယအကျော့ပွဲမှာတော့ မိနစ်တော်တော်များများပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။