The network connection is lost.

Banner Image

ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ပေမယ့် ဘာကြောင့် ယူနိုက်တက်နဲ့မချိတ်ဆက်ခဲ့သလဲ ရှင်းပြလာတဲ့ ကော်တိုရစ်

ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ်က သူဟာ မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးအနေနဲ့ ကြီးပြင်းလာခဲ့ပြီး ယူနိုက်တက်ဂန္ထဝင်ဂိုးသမားဟောင်း အက်ဒ်ဝင်ဗန်ဒါးဆားက သူ့ရဲ့စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပေမယ့် ဘာကြောင့် အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေမပြုလုပ်ခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။

အသက်-၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်ကာလအတွင်း ကမ္ဘာ့အကောင်းဆုံးဂိုးသမားစာရင်းဝင်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို အပိုင်စားရထားပါတယ်။ ကော်တိုရစ်ဟာ ကစားသမားဘဝ အစောပိုင်းမှာ ချဲလ်ဆီးမှ အက်သလက်တီကိုသို့ အငှားစာချုပ်နဲ့ ၃ ရာသီအထိသွားရောက်ကစားခဲ့ပြီး ကမ္ဘာ့ထိပ်တန်းဂိုးသမားအဖြစ် တိုးတက်လာခဲ့တာြဖစ်ပါတယ်။ 

၂၀၁၈ ခုနှစ်အတွင်း ရီးရဲလ်မက်ဒရစ်သို့ ပေါင် ၃၅ သန်းနဲ့အပြီးသတ်မပြောင်းရွှေ့ခင် ဘယ်လ်ဂျီယံသားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၄ နှစ်အထိ နံပါတ် ၁ ဂိုးသမားအနေနဲ့ ရပ်တည်ခဲ့ပါသေးတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ၁၀၂ ပွဲအထိပါဝင်ကစားထားတဲ့ ကော်တိုရစ်ဟာ ပြီးခဲ့တဲ့ရာသီကတော့ ဒူးခေါင်းဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရသေးပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ 

ယခုအခါမှာတော့ ကော်တိုရစ်က သူ့ရဲ့စံပြကစားသမားဟာ ယူနိုက်တက်အတွက် ၂၀၀၅ မှ ၂၀၁၁ ခုနှစ်အထိ ပွဲပေါင်း ၂၆၆ ပွဲကစားခဲ့တဲ့ ဗန်ဒါးဆားဖြစ်ကြောင်းနဲ့ ဘာကြောင့် အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ခြင်းမရှိသလဲဆို ရှင်းပြလာခဲ့ပါတယ်။ ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်နဲ့ပြုလုပ်ခဲ့တဲ့ စကားပြောအစီအစဉ်တစ်ခုမှာ ကော်တိုရစ်က "ကျွန်တော်က ဗန်ဒါးဆားကို သဘောကျပါတယ်။ ပြီးတော့ ကာဆီးလက်စ်ရောပေါ့။ ကာဆီးလက်စ်ကိုဘာကြောင့်ကြိုက်တာလဲဆိုရင် သူက အသက်ငယ်ငယ်လေးနဲ့ ရီးရဲလ်မက်ဒရစ်အတွက် ကစားနိုင်ခဲ့လို့ပါ။ အဲဒီတုန်းက ကျွန်တော်က အသက်-၁၂ လောက်ပဲရှိဦးမယ်။ ကျွန်တော်ဂိုးသမားတစ်ယောက်အဖြစ် စတင်ခဲ့တုန်းက သူ့ကိုကြည့်ပြီး တွန်းအားဖြစ်ခဲ့ပါတယ်"

"ပြီးတော့ ကျွန်တော်ရီးရဲလ်မက်ဒရစ်ပွဲတွေကိုလည်း အမြဲတမ်းစောင့်ကြည့်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကိုကြိုက်တာကတော့ ဗန်ဒါးဆားကြောင့်ပါ။ သူ့ကြောင့်ပဲ ကျွန်တော်ယူနိုက်တက်ပရိသတ်ဖြစ်လာခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဖာဒီနန်က ဘာကြောင့် ယူနိုက်တက်ကိုချိတ်ဆက်ဖို့မကြိုးစားခဲ့တာလဲလို့ မေးမြန်းခဲ့ရာ ကော်တိုရစ်က "ယူနိုက်တက် ဒေးဗစ်(ဒီဂီယာ) ကိုခေါ်လိုက်တယ်လေ။ ဒါကြောင့်ပဲ ကျွန်တော် အခြားအသင်းကိုရောက်ဖို့ဖြစ်လာခဲ့တယ်ထင်ပါတယ်။ ကျွန်တော် ဂျန့်ခ်မှာကစားတုန်းက တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့ရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်။ အဲဒီတုန်းက ချဲလ်ဆီးမှာ ကျွန်တော့်အတွက် ကာလရှည်ပရောဂျက်ရှိနေခဲ့လို့ ချဲလ်ဆီးကိုပဲရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ ဒေးဗစ်ကလည်း မန်ချက်စတာကိုရောက်နေပြီဆိုတော့ ကျွန်တော် အက်သလက်တီကိုမက်ဒရစ်ကို အငှားနဲ့ထွက်ခွာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအငှားစာချုပ်ကြောင့်ပဲ ကျွန်တော့်အနေနဲ့ ဒီနေ့ဒီနေရာမှာ ရပ်တည်နေနိုင်တာဖြစ်ပါလိမ့်မယ်" လို့ဖြေကြားခဲ့ပါတယ်။ 

ဖာဒီနန်ရဲ့ "ခင်ဗျားက ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ခဲ့တယ်ပေါ့" ဆိုတဲ့မေးခွန်းကို ကော်တိုရစ်က "ဟုတ်ပါတယ်။ ကျွန်တော် ယူနိုက်တက်ပရိသတ်ဖြစ်ခဲ့ပါတယ်" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဖာဒီနန်က "ကျွန်တော်တို့ ဒီအကြောင်းကို မသိခဲ့ပါလား။ ဘာလို့မသိခဲ့တာပါလိမ့်။ အသင်းရဲ့ ကစားသမားအင်အားဖြည့်တင်းရေးအဖွဲ့က အလုပ်ပိုလုပ်ဖို့လိုအပ်နေပြီလို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဖာဒီနန်က ကော်တိုရစ်ရဲ့ တည်ငြိမ်အေးဆေးတဲ့ပုံစံကို ဗန်ဒါးဆားနဲ့တူညီကြောင်း ပြောကြားရာမှာ ဘယ်လ်ဂျီသားက "ဒီလိုကြားရတာ ဂုဏ်ယူစရာပါ။ ကျွန်တော်ကလည်း တည်ငြိမ်တဲ့ဂိုးသမားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော် အော်ဟစ်ပြောဆိုနေတာကို ကွင်းထဲမှာ မြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ်လို့ အသင်းဖော်တစ်ယောက်က အမှားလုပ်ရင် ကျွန်တော့်အနေနဲ့ သူ့အမှားကို သူသိမှာပဲလို့ အမြဲတမ်းတွေးမိပါတယ်။ ဒါပေမယ့် တစ်ခါတလေကျရင်တော့ ဒီလိုထပ်မလုပ်ဖို့ ပြောမိတာမျိုးရှိပါတယ်။ အော်ဟစ်နေတာမျိုး၊ လက်ကိုလေထဲမှာဝှေ့ယမ်းနေတာမျိုးကတော့ ကျွန်တော့်အနေနဲ့ မလိုအပ်ဘူးလို့ထင်ပါတယ်။ ပြီးတော့ ဂိုးသမားတွေ၊ နောက်ခံလူတွေက တည်ငြိမ်ဖို့လိုအပ်ပါတယ်။ ကျွန်တော်က ဗန်ဒါးဆားကိုကြည့်ပြီး ကြီးပြင်းခဲ့ရလို့ သူ့ဆီကနေသင်ယူနိုင်ဖို့ အမြဲတမ်းကြိုးစားခဲ့ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။