
ပီအက်စ်ဗွီနဲ့ပွဲမှာ သရေရလဒ်ကို ဦးတည်ပြီးကစားသွားမှာမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ မော့တာ
ဂျူဗင်တပ်စ်နည်းပြ သီယာဂိုမော့တာက အသင်းဟာ ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဗွီကို ၂-၁ နဲ့အနိုင်ရထားခဲ့တာကြောင့် ဒုတိယအကျော့မှာ သရေရလဒ်ရရှိပါက ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပေမယ့် သရေရလဒ်ကို ဦးတည်ပြီးကစားလာမှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ လက်ရှိချန်ပီယံအင်တာမီလန်ကို ကွန်ဆီကာအိုရဲ့နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်မှာလည်း နိုင်ပွဲကိုသာ ဆက်လက်ဖော်ဆောင်ဖို့ကြိုးစားသွားမယ်လို့ သီယာမော့တာကဆိုပါတယ်။
မော့တာက "လာမယ့်ပီအက်စ်ဗွီနဲ့ပွဲက ဒီရာသီမှာ အသင်းအတွက် အရေးကြီးဆုံးပွဲဖြစ်ပါတယ်။ ပထမအကျော့မှာ ကျွန်တော်တို့ အရေးပါတဲ့ခြေလှမ်းကို လှမ်းထားနိုင်ခဲ့ပေမယ့် ဒါက မလုံလောက်သေးပါဘူး။ သရေရလဒ်ရရှိရင် နောက်တစ်ဆင့်ကို တက်နိုင်မှန်းသိပေမယ့် ကျွန်တော်တို့က အနိုင်ရလဒ်ကိုပဲ ဦးတည်ပြီးကစားသွားမှာပါ"
"ဘောလုံးမှာ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်မှုပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ခေါင်းကိုကောင်းကောင်းအသုံးချတတ်ဖို့လည်း အရေးကြီးပါတယ်။ ဘယ်လိုအခြေအနေမှာမဆို အသင်းအနေနဲ့ အကောင်းဆုံးလုပ်သွားရမယ်ဆိုတဲ့ အသိမျိုးရှိဖို့လည်းလိုအပ်ပါတယ်။နောက်တစ်ဆင့်နဲ့ထိုက်တန်ကြောင်းပြသဖို့ အကောင်းဆုံးစွမ်းဆောင်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဟာ ဒီရာသီမှာ ပီအက်စ်ဗွီနဲ့ ၂ ကြိမ်တိုင်တိုင်ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီးဖြစ်ကာ စက်တင်ဘာလက အုပ်စုအဆင့်မှာလည်း နိုင်ပွဲရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။သို့သော်လည်း မော့တာကတော့ ပီအက်စ်ဗွီဟာ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တယ်လို့ဆိုပါတယ်။ အီတလီသားနည်းပြက "ကျွန်တော်တို့ ဒီပွဲမှာ ပြိုင်ဘက်ကို ဖိအားပေးနိုင်ဖို့ ကြိုးစားသွားပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေရာလွတ်တွေပေးမိရင် သူတို့က အခွင့်အရေးကို ကောင်းကောင်းအသုံးချသွားနိုင်လို့ပါ။ သူတို့က တစ်သင်းလုံးတိုက်စစ်ကို လိုက်ပါကစားတတ်တဲ့အသင်းပါ။ ဘောလုံးရတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ အခွင့်အရေးတွေဖန်တီးနိုင်ဖို့နဲ့ ဘောလုံးမဆုံးရှုံးဖို့ ထိန်းချုပ်ကစားသွားရပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။