The network connection is lost.

Banner Image

အယ်လ်ဟီလယ်သို့ပြောင်းရွှေ့ဖို့ ယူနိုက်တက်ကသူ့ကို တွန်းအားမပေးခဲ့ကြောင်း ဖာနန်ဒက်စ်ရှင်းပြ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်သို့ပြောင်းရွှေ့ဖို့ အသင်းမှ တွန်းအားပေးခဲ့ခြင်းမရှိကြောင်း ရှင်းပြပြောဆိုလာခဲ့ပါတယ်။ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အစမှာပဲ ဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာကာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်သို့ပြောင်းရွှေ့တော့မယ်လို့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း အင်္ဂါနေ့မှာ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက အသက်-၃၀ နှစ်အရွယ်ကစားသမားဟာ အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီလို့ အသိပေးခဲ့တာကြောင့် ယခုအခါမှာ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပြီဖြစ်ပါတယ်။ 

ဆော်ဒီပရိုလိဂ်ကလပ်ဟာ ဖာနန်ဒက်စ်ကို ၃ နှစ်စာချုပ်နဲ့ခေါ်ယူဖို့ ပြင်ဆင်ထားတာဖြစ်ပြီး ၃ နှစ်အတွင်း ပေါင်သန်း ၂၀၀ အထိ ပေးချေသွားမယ်လို့လည်း ဆွဲဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အယ်လ်ဟီလယ်ဟာ ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးအနေနဲ့ ယူနိုက်တက်ထံ ပေါင်သန်း ၁၀၀ အထိပေးချေသွားဖို့ အဆင်သင့်ရှိနေကြောင်း အသိပေးခဲ့ပါတယ်။ 

ယခုအခါမှာတော့ ဖာနန်ဒက်စ်က အသင်းဟာ ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားရနိုင်ပေမယ့် သူ့ကိုထွက်ခွာဖို့အတွက်တော့ တွန်းအားပေးခဲ့ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်က "ကျွန်တော့်အတွက် အခွင့်အရေးတစ်ခုရှိခဲ့ပါတယ်။ အသင်းရဲ့ဥက္ကဌက ကျွန်တော့်ကိုခေါ်ပြီး ဆော်ဒီကိုသွားချင်လားလို့ မေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်အဖြေကိုစောင့်နေပါတယ်။ ကျွန်တော် အာမိုရင်နဲ့စကားပြောကြည့်တော့ သူက မသွားဖို့တားပါတယ်။ ယူနိုက်တက်က ကျွန်တော့်ကိုမရောင်းချင်ပါဘူး။ ပိုက်ဆံလည်းမလိုဘူးလို့ပြောပါတယ်။ တကယ်လို့ ကျွန်တော့်ကိုအသင်းကနေထွက်စေချင်ရင် သူတို့မှာထွက်သွားအောင်လုပ်နိုင်စွမ်းရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

မကြာသေးမီက အာရှခြေစမ်းခရီးစဉ်ထွက်ခွာခဲ့တဲ့ယူနိုက်တက်ဟာ ဇူလိုင်လနှောင်းပိုင်းမှသာ ကစားသမားတွေကို ပြန်လည်စုစည်းသွားမှာဖြစ်ပါတယ်။ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဆိုးဆိုးဝါးဝါးဖြစ်ပျက်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ယခုနှစ်အပြောင်းအရွှေ့ဈေးကွက်မှာတော့ ကစားသမားသစ်တွေ ထပ်မံခေါ်ယူပြီး အင်အားဖြည့်တင်းသွားဖွယ်ရှိပါတယ်။