
ဆိုစီဒက်ကို အနိုင်ရရှိတဲ့ပွဲစဉ်အတွက် ရိုးရှင်းတဲ့အကဲဖြတ်မှုတစ်ခု ပေးပို့လာတဲ့ ဟန်စီဖလစ်ခ်
ယမန်နေ့ညပိုင်း၊ Estadi Olimpic Lluis Companys ကွင်းကြီးမှာ ဆိုစီဒက်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် ဘာစီလိုနာက သူတို့ရဲ့အထင်ကြီးလောက်စရာကောင်းလောက်တဲ့ပုံစံတစ်ခုကို ၂၀၂၅ ခုနှစ်အထိ ဆက်လက်သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ဒါက လာမယ့်ဗုဒ္ဓဟူးနေ့၊ ဘင်ဖီကာနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မတိုင်ခင် လိုအပ်နေခဲ့တဲ့ အခိုက်အတန့်ကောင်းတွေကို ကတ္တလန်ဒေသခံကလပ်အသင်းအတွက် ဆက်လက်တည်ရှိနေစေမယ့် ရလဒ်တစ်ခုဖြစ်ပါတယ်။
အခုပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန် ၁၆ မိနစ်ဝန်းကျင်မှာ ဆိုစီဒက်အသင်းခေါင်းဆောင် အီလူစတွန်ဒို တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘာစီလိုနာအတွက် စိန်ခေါ်မှုတွေက ပိုမိုလွယ်ကူလာခဲ့ပါတယ်။ ဟန်စီဖလစ်ခ်ကိုယ်တိုင်လည်း ဒီအခိုက်အတန့်ဟာ ပွဲစဉ်ကို အလှည့်အပြောင်းဖြစ်စေခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
သူက “ ဒီအနီကတ်ပြစ်ဒဏ်က ပွဲစဉ်ကို အများကြီးအလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ ဆိုစီဒက်က အသင်းကောင်းတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ သူတို့ကို ဖိအားပေးနိုင်ခဲ့ပြီးထိုက်တန်တဲ့ရလဒ်တစ်ခု ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ကစားသမား ၁၀ ဦးနဲ့ ဆိုစီဒက်ကစားနေမယ်ဆိုရင်တောင် သူတို့အတွက် အခွင့်အရေးတွေ ခွင့်မပြုပေးရဖို့ အရေးကြီးပါတယ်။ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်အပြီး အခုသီတင်းပတ်အတွင်းမှာ ကျွန်တော်တို့တွေ ဒီအကြောင်းအရာကို ပြောဖြစ်ခဲ့ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့တွေ ဒီထက်ပိုပြီး ဂိုးတွေ အနည်းငယ်လောက်သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် မဖြစ်လာခဲ့ပါဘူး။ အသင်းအတွက် ပထမဆုံးဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ကာဆာဒိုနဲ့ မာတင်အတွက်လည်း ပျော်ရွှင်ကျေနပ်မိပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်အတွင်း ဘာစီလိုနာအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးက လာလီဂါဂိုးသွင်းဘုရင်ဆု(ပီချီချီဆု)ပြေးလမ်းမှာ သူ့ရဲ့ဦးဆောင်နေမှုကို ထပ်မံတိုးမြှင့်နိုင်ခဲ့ပါတယ်။ဟန်စီဖလစ်ခ်ကတော့ သူ့ရဲ့ပိုလန်တိုက်စစ်မှူး ဂိုးတွေတဖန်ပြန်လည်သွင်းယူနေခြင်းကို မြင်တွေ့ရလို့ ကျေနပ်နေခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက “ No.9 တိုက်စစ်မှူးတစ်ဦးအတွက် ဂိုးတွေသွင်းယူနေဖို့ဆိုတာ အမြဲတမ်းလိုလို အရေးကြီးပါတယ်။ သူ ကံနည်းနည်းကောင်းခဲ့တယ်လို့ပြောမယ်ဆိုရင်လည်း မှန်ပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးက အသင်းမှာ အမြဲတမ်းရှိနေခဲ့ပြီး ဂိုးတွေသွင်းယူနိုင်ဖို့ဆိုတာ သူ့အတွက် အရေးကြီးပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ဘာစီလိုနာက အက်သလက်တီကိုမက်ဒရစ်ထက် တစ်မှတ်အသာ၊ ရီးရဲလ်မက်ဒရစ်ထက် သုံးမှတ်အကွာ အနေအထားဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ကုန်ကာလတွေမှာ ဘာစီလိုနာအတွက် စိတ်ဓါတ်ကျစရာ အခြေအနေမျိုးတွေ ရှိခဲ့ပေမယ့် ဟန်စီဖလစ်ခ်ကတော့ သူ့ရဲ့ယုံကြည်ချက်ကို ဘယ်သောအခါမှ အဆုံးရှုံးမခံခဲ့ပါဘူး။
ဟန်စီဖလစ်ခ်က “ ကျွန်တော်တို့တွေ အမြဲလိုလို အကောင်းမြင်တဲ့စိတ်နဲ့ပဲ ကြည့်ရှုပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းသွားရဖို့ပဲ ရှိပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ပထမနေရာရောက်ရှိလာပြီး ဒီအတိုင်းဆက်ရှိနေဖို့အတွက် ကြိုးစားသွားရပါမယ်”လို့ ပြောပါတယ်။