
ကွင်းလယ်ဒိုင်ထံမှ ပင်နယ်တီတောင်းဆိုခဲ့တဲ့ ဒေါ်ဂူရဲ့လုပ်ရပ်အတွက် ဂုဏ်ယူမိတယ်လို့ဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သောကြာနေ့နံနက်က ရီးရဲလ်ဆိုစီဒက်ကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲချိန်အတွင်း ပြိုင်ဘက်ကစားသမားနဲ့ တိုက်မိကာ လဲကျခဲ့ပြီးနောက် ပင်နယ်တီအတွက် ပြန်လည်စစ်ဆေးပေးဖို့ ကွင်းလယ်ဒိုင်ကိုတောင်းဆိုခဲ့တဲ့ နောက်ခံလူ ပက်ထရစ်ဒေါ်ဂူရဲ့လုပ်ရပ်ကို ဂုဏ်ယူမိကြောင်း ပြောကြားလာခဲ့ပါတယ်။
ဒေါ်ဂူဟာ ရီးရဲလ်ဆိုစီဒက်ကစားသမား အာရစ်ဇ်အယ်လ်လက်စ်တွန်ဒိုရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပြိုင်ဘက်ဂိုးဧရိယာထဲ လဲကျခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က သတိမပြုမိခဲ့တာကြောင့် ပင်နယ်တီအတွက် တောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ ကွင်းလယ်ဒိုင်က VAR နဲ့ပြန်လည်စစ်ဆေးပေးခဲ့ကာ ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က “ဒါက သူ့အပေါ်ပဲမူတည်ပါတယ်။ သူလုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ။ ဒီအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ ဒီပွဲမှာ သရေကျတာတို့၊ ရှုံးတာတို့ဖြစ်ခဲ့ရင်တောင် ကျွန်တော်သူ့ရဲ့လုပ်ရပ်အပေါ် ဒီအတိုင်းပဲတုံ့ပြန်မှာပါ” လို့ပြောကြားခဲ့ပါတယ်။
အစ်ဆွစ်ချ်နဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတဲ့ ဒေါ်ဂူဟာ ယူနိုက်တက်ရဲ့ယူရိုပါလိဂ်ပွဲစဉ်မှာတော့ ထိပ်တန်းခြေစွမ်းကို ပြသနိုင်ခဲ့ပြီး အသင်းရဲ့နိုင်ပွဲအတွက် အကူအညီပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး အာမိုရင်က “ဒေါ်ဂူကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ စွမ်းဆောင်ရည်ကောင်းခဲ့ပြီး သင်ယူမှုလည်း အားကောင်းတဲ့ကောင်လေးပါ။ ကိုယ်ကာယကြံခိုင်မှုကလည်း အံ့မခန်းပါပဲ” လို့ထပ်လောင်းချီးကျူးခဲ့ပါတယ်။ ရီးရဲလ်ဆိုစီဒက်ကို နှစ်ကျော့ပေါင်းရလဒ် ၅-၂ နဲ့အနိုင်ရခဲ့တဲ့ အာမိုရင်ရဲ့အသင်းဟာ နောက်လမှာကျင်းပသွားမှာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်ကလပ် လိုင်ယွန်နဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အသင်းရဲ့ယာယီနည်းပြဟောင်း ဗန်နစ္စတယ်ရွိုင်းဦးဆောင်နေတဲ့ လက်စတာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။