ဘုန်းမောက်ကိုသရေကျပြီးနောက် ပွဲကိုစောစောစီးစီးမဖြတ်ခဲ့လို့ အသင်းဖော်တွေကို အပြစ်တင်လိုက်တဲ့ ရီစီဂျိမ်းစ်
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကို ၂-၂ နဲ့သရေကျခဲ့ပြီးနောက် ချဲလ်ဆီးအတွက် အဖိုးတန်ချေပဂိုးသွင်းယူပေးခဲ့တဲ့ နောက်ခံလူ ရီစီဂျိမ်းစ်က ပွဲကိုစောစောစီးစီးမဖြတ်ခဲ့လို့ အသင်းဖော်တွေကို ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ယခုပွဲစဉ်မှာချဲလ်ဆီးဟာ ပွဲအစ ၁၃ မိနစ်မှာရရှိခဲ့တဲ့ ပယ်လ်မာရဲ့ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဘုန်းမောက်အတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ကလူဝီဗတ်နဲ့ ဆီမီညိုတို့က ပြန်လည်သွင်းယူခဲ့တာကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုးကိုတော့ ပွဲပြီးကာနီး ၉၀+၅ မိနစ်မှာ ရီစီဂျိမ်းစ်က ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းယူပေးနိုင်ခဲ့လို့ အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ သရေ ၁ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအနေနဲ့ ဂိုးပေါက်ကန်သွင်းမှု ၂၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ၁၀ ကြိမ်အထိဂိုးပေါက်တည့်ခဲ့ပေမယ့် တိုက်စစ်ပိုင်းဖြုန်းတီးမှုတွေကြောင့် ဂိုးပေါက်ကန်သွင်းချက် ၇ ကြိမ်သာရရှိခဲ့တဲ့ ဘုန်းမောက်ကို သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ဂျိမ်းစ်က “ကျွန်တော်တို့ဒီပွဲမှာ နောက်ကနေလိုက်ကစားပြီး သရေ ၁ မှတ်ရရှိခဲ့လို့ အပြုသဘောဆောင်တဲ့အချက်တွေရှိခဲ့ပေမယ့် အခွင့်အရေးတွေဖြုန်းတီးခဲ့မိလို့ အနုတ်သဘောဆောင်တဲ့အချက်တွေလည်းရှိခဲ့ပါတယ်။ အဲဒါကြောင့် ခံစားချက်တွေရောထွေးနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သရေရလဒ်က မျှတတယ်လို့ ထင်သလားလို့မေးမြန်းခဲ့ရာ အင်္ဂလန်သားက “ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ သရေရလဒ်ကို မဖြစ်သင့်ဘူးလို့ထင်ပါတယ်။အသင်းက အခွင့်အရေးတွေအများကြီးရခဲ့ပြီး စောစောစီးစီးပဲ ပွဲကိုဖြတ်နိုင်ခဲ့သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ပြိုင်ဘက်က ကျွန်တော်တို့ကို ဆုံးမသွားမှာပါ။ ဒါက ကမ္ဘာ့ဘောလုံးသဘောတရားပါပဲ။ အခွင့်အရေးတွေကိုအသုံးမချနိုင်ရင် ပြိုင်ဘက်က ကျွန်တော်တို့ကို သင်ခန်းစာပေးပါလိမ့်မယ်” လို့ဖြေကြားခဲ့ပါတယ်။
ယခုသရေပွဲကြောင့် ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် အဆင့် ၅ နေရာက နယူးကာဆယ်နဲ့ ရမှတ် ၂ မှတ်သာကွာဟနေပြီး မနက်ဖြန် နယူးကာဆယ်သာ ဝုဗ်ကိုအနိုင်ရခဲ့မယ်ဆိုရင် ချဲလ်ဆီးအနေနဲ့ အဆင့် ၄ နေရာကနေ ဖယ်ပေးသွားရမှာဖြစ်ပါတယ်။ မာရက်စ်ကာရဲ့အသင်းဟာ ဇယားထိပ်ဆုံးကလီဗာပူးနဲ့လည်း ရမှတ် ၁၀ မှတ်အထိကွာဟနေတာဖြစ်ပါတယ်။