
ရီးရဲလ်နဲ့ပွဲမှာ ကစားသမား ၁၀ ယောက်အထိ လူစားလဲဖို့ တောင်းဆိုခဲ့ကြောင်း ပြောကြားလာတဲ့ တူဒေါ်
ရီးရဲလ်မက်ဒရစ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကစားသမား ၁၀ ယောက်လောက်အထိ လူစားလဲဖို့တောင်းဆိုခဲ့ကြတယ်လို့ ဂျူဗင်တပ်စ်နည်းပြ အီဂေါ်တူဒေါ်က ပြောကြားလာခဲ့ပါတယ်။ ဟာ့ဒ်ရော့ခ်အားကစားကွင်းကြီးမှာ ကျင်းပခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ကွင်းအတွင်းအပူချိန်ဟာ ၃၀ ဒီဂရီအထိ မြင့်တက်ခဲ့တာကြောင့် ကစားသမားတွေအနေနဲ့ ပုံမှန်အတိုင်းကစားဖို့ ရုန်းကန်ခဲ့ရတယ်လို့သိရပါတယ်။
ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာက သွင်းယူပေးခဲ့ပြီး ဂျူဗင်တပ်စ်ကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ ပွဲချိန်ရဲ့ဒုတိယပိုင်းမှာ စူပါစတားတိုက်စစ်မှူး ခီလီယန်အမ်ဘာပေကို ပထမဆုံးအကြိမ်ပြန်လည်ထည့်သွင်းနိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အင်အားတောင့်တင်းတဲ့လူစာရင်းကို ပြန်လည်အသုံးပြုသွားနိုင်ဖွယ်ရှိပါတယ်။
လက်ရှိအချိန် ကလပ်ကမ္ဘာ့ဖလားကျင်းပရာ အမေရိကန်နိုင်ငံရဲ့ မြို့အတော်များများမှာ အပူချိန်က ပြင်းပြင်းထန်ထန်မြင့်တက်နေတာကြောင့် ဥရောပကလပ်တွေအနေနဲ့ အသားကျဖို့အတော်လေးရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါကြောင့် အချို့ကလပ်တွေရဲ့ နည်းပြတွေဟာ ကွင်းအတွင်းအပူချိန်နဲ့ပတ်သက်ပြီး ညည်းညူပြောဆိုမှုတွေပါ ပြုလုပ်ထားကြတာလည်းဖြစ်ပါတယ်။
ယခုအခါမှာလည်း တူဒေါ်က "ကျွန်တော်တို့ကို ကစားသမား ၁၀ ယောက်အထိ လူစားလဲခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကစားသမား ၁၀ ယောက်အထိ တောင်းဆိုခဲ့တာပါ။ ဒီလိုလူစားလဲဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီကွင်းထဲမှာကစားရတာ ဘယ်လောက်အထိ အားအင်ကုန်ခမ်းတယ်ဆိုတာတော့ ပြောမပြတတ်အောင်ပါပဲ"
"ပွဲရဲ့အခြေအနေနဲ့ အပူချိန်ကြောင့် ကစားသမားတွေ အားအင်ကုန်ခမ်းကြပါတယ်။ ပြီးတော့ ကျွန်တော်တို့က ရီးရဲလ်နဲ့ကစားနေရတာပါ။ အဘက်ဘက်က အဆင်မပြေမှုတွေပေါင်းစပ်ခဲ့လို့ ကစားရတာ အတော်လေးခက်ခဲခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ အမ်ဘာပေနဲ့ပတ်သက်ပြီးတော့လည်း တူဒေါ်က "ရီးရဲလ်မက်ဒရစ်က ကားတစ်စီးဖြစ်ပြီး တစ်နာရီ ကီလိုမီတာ ၂၀၀ နှုန်းနဲ့မောင်းနေတယ်ဆိုရင် အမ်ဘာပေကို ထပ်ထည့်လိုက်ရင်တော့ ကီလိုမီတာ ၂၅၀ အထိ အရှိန်တက်သွားပါတယ်။ အမ်ဘာပေက အသင်းအတွက် ကီလိုမီတာ ၅၀ အထိယူလာပေးနိုင်တဲ့ ကစားသမားမျိုးပါ" လို့ပြောကြားခဲ့ပါတယ်။