The network connection is lost.

Banner Image

ဆန်ချိုကို ယူနိုက်တက်ရဲ့ထမင်းစားခန်းမှ ထုတ်ပယ်ပြီး လူငယ်ကစားသမားတွေနဲ့သာ ပူးပေါင်းဖို့ ညွှန်ကြားခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီးနောက် ယခုအခါ အသင်းနည်းပြ အဲရစ်တန်ဟက်က ၎င်းကို စီနီယာအသင်းနဲ့အတူ စားသောက်ခြင်းမပြုလုပ်ရန် တားမြစ်လိုက်ပြီလို့ သိရပါတယ်။ မကြာသေးမီကလည်း ကစားသမားကို စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ထားခဲ့တာပါ။

အာဆင်နယ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အဲရစ်တန်ဟက်နဲ့ ဆန်ချိုတို့ လူသိရှင်ကြားအငြင်းပွားမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပွဲစဉ်အတွက် ဆန်ချိုကို အသင်းလူစာရင်းမှ ချန်လှပ်ခဲ့တဲ့ အကြောင်းရင်းကိုမေးမြန်းခဲ့ရာ တန်ဟက်က ကစားသမားရဲ့ လေ့ကျင့်ရေးကွင်းအတွင်း စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့တာကြောင့်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် ဆန်ချိုကတော့ တန်ဟက်ဟာ လီဆယ်ပြောဆိုတယ်လို့ ဆိုရှယ်မီဒီယာမှတဆင့် ပြန်လည်တုံ့ပြန်ခဲ့ရာ အခုလိုအငြင်းပွားမှုပေါ်ပေါက်လာခဲ့ပါတယ်။ အကျိုးဆက်အနေဖြင့် ဆန်ချိုဟာ လက်ရှိမှာ ယူနိုက်တက်အသင်းလူစာရင်းမှ ထုတ်ပယ်ခံထားရပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ဒေါ့မွန်မှယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေးပေါင် ၇၃ သန်းဖြင့် ရောက်ရှိလာတဲ့ ဆန်ချိုကို ယူနိုက်တက်အသင်းဘက်က လတ်တလောအကြိတ်အခဲတွေ ပြေပျောက်စေရေး နည်းပြတန်ဟက်ကို တောင်းပန်စကားပြောကြားပေးဖို့ တိုက်တွန်းခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ခဲ့ပါတယ်။ The Mirror ရဲ့ အဆိုအရ တန်ဟက်ရဲ့ ဆန်ချိုအပေါ်တားမြစ်ချက်တွေထဲမှာ ကာရင်တန်ရှိ စီနီယာအသင်းရဲ့ လေ့ကျင့်ရေးအဆောက်အအုံတွေအပြင် ယူနိုက်တက်ရဲ့ ခေတ်မီထမင်းစားခန်းအတွင်း ဝင်ရောက်ခွင့်တွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ စီနီယာအသင်းနဲ့သက်ဆိုင်တဲ့ ဧရိယာတွေမှာ ဝင်ရောက်ခွင့် တားမြစ်ခံထားရခြင်းအပြင် အကယ်ဒမီကစားသမားတွေနဲ့သာ စားသောက်နေရတာကြောင့် ဆန်ချိုဟာ ယူနိုက်တက်မှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သိရှိရပြီး ယူနိုက်တက်ရဲ့ သတင်းရင်းမြစ်တွေကလည်း တန်ဟက်နဲ့ ဆန်ချိုတို့အကြား ပြဿနာဟာ သောင်မတင် ရေမကျ ဖြစ်နေတယ်လို့ ပြောဆိုပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ ညာတောင်ပံမှာ ကစားသမားလစ်လပ်နေပေမယ့် တန်ဟက်ကတော့ ဆန်ချိုကို ထည့်သွင်းအသုံးပြုဖို့စိတ်ကူးမရှိတာကြောင့် ဆန်ချိုအနေနဲ့ တောင်းပန်လိုက်မှသာ ပြဿနာပြေလည်မယ်လို့ယူဆရပြီး ဒီလိုလုပ်ဖို့စိတ်ကူးမရှိပါက အသက်-၂၃ နှစ်အရွယ် ကစားသမားအနေဖြင့် အိုးလ်ထရက်ဖို့ဒ်ကလပ်အတွက် ပြန်လည်ကစားခွင့်ရရှိဖို့ ဝေးကွာနေမယ့်အခြေအနေမှာ ရှိနေပါတယ်။

အသင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက “ဒီအခြေအနေအပေါ် ဖြေရှင်းဖို့ လွယ်ကူတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ဆန်ချိုက နည်းပြကို တောင်းပန်ပါတယ်လို့ ပြောဖို့ပါပဲ။ ဒီပြဿနာမှာ တစ်ယောက်ယောက်ကတော့ အလျှော့ပေးရပါမယ်။ ဒါပေမယ့် အလျှော့ပေးရမယ့်သူက နည်းပြတော့မဟုတ်ပါဘူး” လို့ဆိုပါတယ်။

ဆန်ချိုဟာ ယခင်ကလည်း အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို အကြိမ်ကြိမ်နောက်ကျခဲ့ဖူးတာကြောင့် ယခုပြဿနာရဲ့နောက်ကွယ်မှာ တင်းမာမှုတွေရှိနေခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် တုံ့ပြန်ချေပခဲ့တဲ့ ၎င်းရဲ့ရေးသားချက်ဟာ တန်ဟက်ရဲ့နောက်ဆုံးသည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့တယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ရာသီအစမှာ တောက်ပတဲ့ခြေစွမ်းတွေပြသနိုင်ခဲ့ပေမယ့် နိုဝင်ဘာလအတွင်း ဆန်ချိုရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် တန်ဟက်က ၄ လကြာ အနားယူစေခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ဆန်ချိုကို အသင်းနဲ့ပြန်လည် ပူးပေါင်းစေခဲ့ပါတယ်။  ဒီနောက်မှာတော့ ဆန်ချိုက ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပြီး ရာသီကုန် နောက်ဆုံး ၁၁ ပွဲမှာ ၉ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။