The network connection is lost.

Banner Image

ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလယ်ရဲ့ ပေါင်သန်း ၂၀၀ တန်ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဆော်ဒီပရိုလိဂ်ထိပ်သီးကလပ် အယ်လ်ဟီလယ်ရဲ့ ပေါင်သန်း ၂၀၀ တန်ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပြီလို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ 

မကြာသေးမီရက်သတ္တပတ်အချို့မှာ အယ်လ်ဟီလယ်ဟာ ဖာနန်ဒက်စ်ကို ၃ နှစ်စာချုပ်ချုပ်ဆိုဖို့ တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်နဲ့လည်း လူတွေ့ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အယ်လ်ဟီလယ်ဟာ ကစားသမားကို ၃ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အဆိုပါ ၃ နှစ်အတွင်း လုပ်ခလစာအနေနဲ့ ပေါင်သန်း ၂၀၀ အထိပေးချေသွားမှာဖြစ်သလို၊ ပြောင်းရွှေ့ကြေးအနေနဲ့နည်း ယူနိုက်တက်ကို ပေါင်သန်း ၁၀၀ ပေးချေသွားဖို့ အဆင့်သင့်ရှိနေခဲ့ပါတယ်။ 

သို့သော်လည်း ယခုအခါမှာတော့ ဖာနန်ဒက်စ်ကဘက်က အဆိုပါကမ်းလှမ်းမှုကို ပယ်ချလာခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ပေါ်တူဂီလက်ရွေးစင်ဟာ ငွေကြေးကိုမက်မောခြင်းမရှိဘဲ ကမ္ဘာ့ထိပ်တန်း ဘောလုံးအဆင့်မှာ ကစားနိုင်ဖို့သာ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။

သို့သော်တစ်ဖက်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာရပ်တည်ခဲ့တဲ့ ယူနိုက်တက်တော့ နောက်ရာသီဥရောပဝင်ခွင့်မရတာကြောင့် ဖာနန်ဒက်စ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ မထွက်ခွာဘူးလို့ ယတိပြတ်ပြောလို့မရသေးပါဘူး။ ဒါကြောင့် ဘယ်ဥရောပထိပ်သီးကလပ်တွေက ဖာနန်ဒက်စ်ကို ချိတ်ဆက်မှုတွေ ပြုလုပ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းချက်အရ ဖာနန်ဒက်စ်ဟာ ဆော်ဒီမှာ တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းအထိ ရရှိနိုင်မှာဖြစ်တာကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အသင်းရဲ့ အကောင်းဆုံးကစားသမားကို ဆုံးရှုံးရမယ်လို့ ယူဆထားခဲ့ကြပါတယ်။ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့ပေမယ့် ပေါ်တူဂီသားဟာ ယူနိုက်တက်နဲ့အတူ အာရှခရီးစဉ်သို့လိုက်ပါခဲ့ပြီး အာဆီယံအောစတား၊ ဟောင်ကောင်တို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပါတယ်။ 

ဟောင်ကောင်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ကလည်း ဖာနန်ဒက်စ်အနေနဲ့ အသင်းမှာဆက်လက်ကစားသွားမယ်လို့ ယုံကြည်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "ကျွန်တော်ကတော့ သူအသင်းကနေထွက်သွားမယ်လို့မထင်ပါဘူး။ ဆက်နေချင်မယ်ထင်ပါတယ်" "ကလပ်က ကစားသမားသစ်တွေခေါ်ယူဖို့ ပိုက်ဆံရှာရမှာ မှန်ပေမယ့် အခြားနည်းလမ်းတွေနဲ့ ရှာသွားလို့ရပါတယ်။ ဘရူနိုကတော့ အသင်းနဲ့ဆက်နေချင်မယ်ဆိုတာ ကျွန်တော်သေချာသိပါတယ် " လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့လည်း ဖာနန်ဒက်စ်ကို ရောင်းချဖို့ဆန္ဒမရှိပေမယ့် တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကြောင့် ကစားသမားသစ်ဝယ်ယူဖို့ ပေါင်သန်း ၁၀၀ လောက်အထိ ဘဏ္ဍာငွေသုံးစွဲခွင့် ဆုံးရှုံးထားခဲ့ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာ ဖာနန်ဒက်စ်က "တကယ်လို့ အသင်းက ဘဏ္ဍာငွေရဖို့အတွက်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ထွက်ခွာခိုင်းမယ်ဆိုရင်တော့ ကျွန်တော်ထွက်သွားပေးမှာပါ။ ဘောလုံးမှာ ဒီလိုအဖြစ်အပျက်တွေက ပုံမှန်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။