ယူနိုက်တက်ဟာ စံချိန်စံနှုန်းတွေကျဆင်းသွားတယ်လို့ ဝန်ခံလာတဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က သူ့ရဲ့အသင်းဟာ စံချိန်စံနှုန်းတွေကျဆင်းသွားတယ်လို့ ဝန်ခံလာခဲ့ပြီး အသင်းရဲ့ကစားသမားတွေထံတောင်းဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်ကိုစတင်ကိုင်တွယ်ခဲ့တဲ့တန်ဟက်ဟာ ပထမဆုံးရာသီမှာပဲ ကာရာဘောင်ဖလားကို ဆွတ်ခူးပြီး ၆ နှစ်တာဖလားမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကိုပြန်လည်ပို့ဆောင်ခဲ့တာကြောင့် အသင်းရဲ့ကံကြမ္မာတွေတိုးတက်လာခဲ့ပြီလို့ ယူဆခဲ့ရပါတယ်။
လက်ရှိဒုတိယရာသီမှာတော့ တန်ဟက်ရဲ့ယူနိုက်တက်ဟာ ခရစ္စမတ်ကာလမတိုင်ခင်မှာပဲ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အပြင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၆ နေရာမှာသာ ရပ်တည်ထားနိုင်တာကြောင့် ဖိအားတွေနဲ့ အတော်လေးရုန်းကန်နေရတာဖြစ်ပါတယ်။
သို့သော်လည်း တန်ဟက်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ပိုကောင်းတဲ့နေ့ရက်တွေ ပြန်လည်ရရှိလာမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့သီတင်းပတ်က ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်ကို ၁-၂ နဲ့ရှုံးနိမ့်ခဲ့ပေမယ့် တန်ဟက်ရဲ့အသင်းဟာ ကြားရက်က အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာတော့ နော်တင်ဟမ်ဖောရက်စ်ကို ၀-၁ နဲ့အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်လှမ်းလာခဲ့ပြီး ဆုဖလားမျှော်လင့်ချက်နဲ့နီးကပ်လာခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့တစ်စိတ်တစ်ပိုင်းကို မကြာသေးမီက ဝယ်ယူခဲ့တဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့လက်ထက်မှာ ယူနိုက်တက်အနေနဲ့ ပြည်တွင်းမှာသာမက ဥရောပြိုင်ပွဲတွေကိုပါ အရှိန်ကောင်းကောင်းနဲ့ ပြိုင်ဆိုင်လာမယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။
ယခုအခါမှာ တန်ဟက်က “ကလပ်ရဲ့စံချိန်စံနှုန်းတွေ ကျဆင်းသွားပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့ ပြန်လာနေပါပြီ။ ဂျင်မ်ရက်ကလစ်ဖ်ရဲ့အဖွဲ့က အသင်းအတွက် မှန်ကန်တဲ့ စံနှုန်းတွေကို ယူဆောင်ပေးနိုင်တယ်ဆိုတာကိုလည်း ဥပမာတွေနဲ့ မြင်တွေ့ခဲ့ပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ ကစားပုံမမှန်ကန်တဲ့အခါမှာ မှန်ထဲကိုကြည့်ပြီး ပြင်ဆင်မှုတွေပြုလုပ်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက်အမှန်အတိုင်းပြောပြီး မှန်ကန်တဲ့အရာကိုလုပ်ရမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်”
“ကျွန်တော်တို့နောက်မှာရပ်နေတဲ့ အိမ်ကွင်းနဲ့အဝေးကွင်းပရိသတ်တွေအများကြီးရှိနေတယ်ဆို သိထားရပါမယ်။ ကျွန်တော်တို့အနေနဲ့ ခွန်အားတွေထည့်ပြီး အကောင်းဆုံးပုံစံတွေ ပြန်လည်ပြသနိုင်ရမှာပါ” လို့ပြောကြားခဲ့ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို အသင်းရဲ့အဓိကတိုက်စစ်မှူး ဟွိုက်လန်းအပါအဝင် စီနီယာကစားသမား ၈ ယောက်လောက်အထိ လွဲချော်သွားမှာဖြစ်ပါတယ်။