The network connection is lost.

Banner Image

ရုပ်ရှင်ထဲမှာ ရောက်နေသလို ခံစားရတယ်လို့ ရင်ဖွင့်လာတဲ့ အန်ဖီးလ်ဟီးရိုးလူငယ်ကြယ်ပွင့် ဒန်းစ်

ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လီဗာပူး လူငယ်ကစားသမားတွေ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဂျေဒန်ဒန်းစ်ကတော့ အိပ်မက်ကမ္ဘာထဲဆီ ရောက်ရှိနေသလို ခံစားနေရပါတယ်။
 
ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ကာရာဘောင်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ယာဂန်ကလော့ပ်ရဲ့အသင်းက ဒီနေ့မနက်ပိုင်းမှာလည်း အက်ဖ်အေဖလား ကွာတားဖိုင်နယ်တစ်နေရာစာ သေချာစေဖို့ ပြိုင်ဘက်ဆောက်သမ်တန်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ အိမ်ကွင်းပရိသတ်တွေရှေ့မှောက် ကစားရတဲ့ပွဲစဉ်မှာ ကူမက်စ်က အနီရောင်တပ်သားတွေအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သလို သူ့ရဲ့အသင်းဖော် အသက်-၁၈ နှစ်အရွယ် ဒန်းစ်ကလည်း ဒုတိယပိုင်းပွဲချိန်မှာ လူစားဝင်ရောက်လာပြီး အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကိုရယူပေးကာ အန်ဖီးလ်အတွက် ပြီးပြည့်စုံတဲ့ညတစ်ည ဖန်တီးပေးခဲ့ပါတယ်။
 
BBC သတင်းဌာနနဲ့တွေ့ဆုံချိန် ဒန်းစ်က “ဒီနေ့ကတော့ ကျွန်တော့်ဘဝမှာ အကောင်းဆုံးနေ့ရက် ဖြစ်ပါတယ်။ ကျွန်တော် ကလေးဘဝကတည်းက လီဗာပူးအသင်းပွဲစဉ်တွေကို ကြည့်ရှုခဲ့ပြီး အိမ်ကွင်းပရိသတ်တွေရှေ့မှောက် ဂိုးသွင်းယူနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်က အိပ်မက်တစ်ခုဆိုတာထက် ပိုပါတယ်။ ဒီထက်တောင် ပိုမပျော်နိုင်တော့ပါဘူး။ ကာရာဘောင်ဖလားဖိုင်နယ်မှာ ဂိုးသွင်းယူနိုင်မယ့် အခွင့်အလမ်းအချို့ ကျွန်တော်ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကျွန်တော်က ဒီတစ်ခါ ရအောင်လုပ်မယ်ကွလို့ တွေးနေခဲ့ပါတယ်။ အန်ဖီးလ်ကွင်းပရိသတ်တွေရှေ့ အောင်ပွဲခံရတဲ့ ခံစားချက်ကို ကျွန်တော် ပြောပြပေးလို့တောင် မရပါဘူး။ ဒါက အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာတာပါ။ ပထမဆုံး ကျွန်တော်တွေးလိုက်မိတဲ့အရာက ဒူးထောက်လျှောတိုက်အောင်ပွဲခံဖို့ပဲ ဖြစ်ပါတယ်။ ဒါက မယုံကြည်နိုင်စရာ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။ စီနီယာ ကစားသမားတွေကလည်း ကျွန်တော်တို့လို လူငယ်ကစားသမားတွေအတွက် အကူအညီအများကြီး ဖြစ်စေပါတယ်။ သူတို့ထဲက ထက်ဝက်လောက်က ကျွန်တော်နဲ့ ယူ-၁၈ အသင်းမှာ အသင်းဖော်တွေ ဖြစ်ခဲ့ပါတယ်။ ရူးသွပ်လောက်စရာ အတွေ့အကြုံတစ်ခုဖြစ်ပြီး ဒါမျိုးတွေ အတူတကွလုပ်ဆောင်နိုင်တာက ရူးလောက်စရာပါပဲ”လို့ ပြောပါတယ်။
 
ITV သတင်းဌာနနဲ့တွေ့ဆုံချိန်မှာလည်း ဒန်းစ်က “မွေးဖွားလာကတည်းက ကျွန်တော် ဒီကလပ်အသင်းကို အားပေးခဲ့တာပါ။ အိမ်ကွင်းပရိသတ်တွေရှေ့မှောက် ဝင်ရောက်ကစားပြီး ဂိုးသွင်းယူရတာ အံ့မခန်းပါပဲ။ အစစ်အမှန်လို့တောင် မခံစားရပါဘူး။ ဒါက ကျွန်တော့်ကို ရုပ်ရှင်ထဲမှာ ရောက်နေသလိုတောင် ခံစားရစေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။
 
လီဗာပူးက အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။