
အာဆင်နယ်စတားအပေါ်ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ ဆွီဒင်နည်းပြ တိုမက်ဆန်
ဆွီဒင်နည်းပြ တိုမက်ဆန်ကတော့ အာဆင်နယ်တိုက်စစ်မှူး ယိုကရက်စ်ကို ဝေဖန်နေသူတွေဟာ ဘောလုံးအကြောင်း နားမလည်တဲ့သူတွေလို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ အာဆင်နယ်စတားဟာ စပို့တင်းကနေပြောင်းလာပြီးနောက် အသင်းမှာအထိုင်ကျဖို့ အနည်းငယ်ရုန်းကန်နေရတာဖြစ်ပြီး အာဆင်နယ်အတွက် နောက်ဆုံး ၆ ပွဲကို ဂိုးပေါက်ပျောက်ထားခဲ့ပါတယ်။
အသက် ၂၇ နှစ်သားဟာ အာဆင်နယ်အတွကက် အိမ်ကွင်းပွဲဦးထွက်အဖြစ် လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့သလို နော်တင်ဟမ်နဲ့ပွဲမှာလည်း ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ ယိုကရက်စ်ရဲ့ပွဲအတွင်းရုန်းကန်နေရတာတွေကို ထောက်ပြဝေဖန်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း တိုမက်ဆန်ကတော့ ယိုကရက်စ်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး “ယိုကရက်စ်က လက်ရှိမှာစွမ်းဆောင်ရည်ကောင်းနေပါတယ်။ အရမ်းကောင်းနေပါတယ်။ လူတွေက သူပွဲအတွင်းမှာ အကျိုးမပြု နိုင်ဘူး ဝေဖန်နေကြပါတယ်။ အဲ့တာက သူတို့ဘောလုံးအကြောင်းနားမလည်တာကို ပြသနေပါတယ်။ သူက အခြားအသင်းဖော်တွေအတွက် နေရာလွတ်ဖန်တီးပေးသလို ဘောလုံးနဲ့အတူပြေးလွှားတာတွေလုပ်ပေးပါတယ်။ အဲ့တာက ကျေနပ်စရာဖြစ်သလို အချိန်တိုင်းဂိုးသွင်းနိုင်ရင်တော့ ပိုကောင်းပါတယ်။ ဒါကြောင့် အခုအခြေအနေက သူအသင်းအတွက် အကျိုးပြုတယ်လို့ ကျွန်တော်မြင်ပါတယ်။ အသင်းသစ်တစ်သင်းထံပြောင်းပြီဆိုရင် အချိန်ယူရတတ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ယိုကရက်စ်ဟာ ဆွီဒင်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲလူစာရင်းမှာ ပါဝင်နေပြီး နိုင်ငံအသင်းအတွက် ၂၈ ပွဲမှာ ၁၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဆွီဒင်သားက အင်္ဂလန်မြေက ကစားသမားဘဝနဲ့ပတ်သက်ပြီး စကိုင်းစပေါ့တ်နဲ့အင်တာဗျူးမှာ “အဲ့တာက မတူညီတဲ့ပွဲများပါတယ်။ အချို့ပွဲတွေက ခက်ခဲပါတယ်။ ကျွန်တော်လိုချင်သလို မစွမ်းဆောင်နိုင်ပါဘူး။ အဲ့တာက ပွဲအပေါ်ဘယ်လိုကြည့်လဲဆိုတဲ့အပေါ်မူတည်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အရမ်းကောင်းတယ်လို့ ထင်ပါတယ်။
ဒါကြောင့် အတက်အကျတော့ရှိနိုင်ပြီး အားလုံးခြုံကြည့်ရင် ကျွန်တော် ဂိုးအနည်းငယ်သွင်းနိုင်သလို ပွဲအများစုလည်း အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အစကောင်းတယ်လို့ ပြောရမှာဖြစ်ပြီး ပိုကောင်းလာနိုင်ပါသေးတယ်။ ဝေဖန်မှုတွေရှိနိုင်တာဖြစ်ပြီး ခင်ဗျားအနေနဲ့ ကြားသမျှအားလုံးနားထောင်နေဖို့ မလိုပါဘူး။ ပေါ်တူဂီမြေမှာနဲ့တော့ ခြားနားမှုတွေရှိပါတယ်။ ဒါပေမယ့် အနည်းငယ်ဆင်တူတာတွေလည်းရှိပါတယ်။ သူတို့ပြောတာတွေ ရေးတာတွေကို ကျွန်တော် ဦးစားမပေးပါဘူး။ အချို့အရာတွေက ကျွန်တော်တို့ ထိန်းချုပ်လို့မရပါဘူး။ နေ့တိုင်းလေ့ကျင့်ပြီး ပွဲတွေကစားကာ နောက်လာမယ့်ပွဲတွေအတွက် ပြင်ဆင်ရပါမယ်”လို့ ယိုကရက်စ်က ဖြေကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ယိုကရက်စ်ကိုခေါ်ယူခဲတာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ၇ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်အပြီးမှာ အာဆင်နယ်ဟာ လန်ဒန်ဒါဘီပွဲအဖြစ် ဖူလ်ဟမ်နဲ့ကစားရမှာဖြစ်ပါတယ်။