တော့တင်ဟမ်ကစားသမားတွေ အစွမ်းကုန်ပေးဆပ်နေကြပါတယ်လို့ ထုတ်ပြောခဲ့တဲ့ ပိုစတီကိုဂလူ
တောတ့င်ဟမ်နည်းပြပိုစတီကိုဂလူက ပွဲစဉ်တိုင်းမှာ သူ့ရဲ့ကစားသမားတွေ အစွမ်းကုန်ပေးဆပ်ကစားနေပြီး အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုဖြစ်လာဖို့ အံ့ဖွယ်အခွင့်ရေးကောင်းတစ်ခု ရှိတယ်လို့ ပြောခဲ့ပါတယ်။ တော့တင်ဟမ်က နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ် ၁၀ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့သလို အမှတ်ပေးဇယားရဲ့အဆင့်-၁၅ နေရာမှာ ရပ်တည်နေပြီး ကလပ်အသင်းရဲ့အနာဂတ်အတွက် ပိုစတိုဂလူဟာ သင့်တော်သူတစ်ဦး ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်လာရပါတယ်။
အခုလိုပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်နေရမှုတွေ ရှိပေမယ့် ကာရာဘောင်း၊ အက်ဖ်အေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာတော့ တော့တင်ဟမ်တို့ ဆက်ရှိနေပါသေးတယ်။ ပိုစတီကိုဂလူက “ ကျွန်တော်တို့တွေ ဖလားပြိုင်ပွဲလမ်းကြောင်းသုံးခုပေါ်မှာ ရှိနေပါသေးတယ်။ လာမယ့်လတွေအတွင်း ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့အတွက် အံ့အားသင့်လောက်စရာ အခွင့်အရေးကောင်းတစ်ခု ရှိနေပါတယ်။ ကစားသမားတွေကလည်း ပွဲစဉ်တိုင်းမှာ အစွမ်းကုန်ပေးဆပ်ကစားနေပါတယ်။ ဘယ်အရာကိုမှ ဦးစားပေးထားတာမျိုး မရှိပါဘူး။ သူတို့တွေ အစွမ်းကုန်ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။
တော့တင်ဟမ်က အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၂ ပွဲအထိ ရှုံးနိမ့်ထားပြီ ဒါက ၁၉၉၇ -၁၉၉၈ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ ဆီမီးဖိုင်နယ်(ပ-ကျော့)ပွဲစဉ်မှာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ ကာရာဘောင်းဖလားပြိုင်ပွဲက တော့တင်ဟမ်အတွက် ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့ အကောင်းဆုံးအခွင့်အလမ်းအဖြစ် ရှိနေပါတယ်။ သူတို့တွေက အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာကို အဝေးကွင်းမှာ ရင်ဆိုင်ရဖို့ ရှိနေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ အမှတ်ပေးဇယားအဆင့်-၉ နေရာမှာ ရပ်တည်နေပါတယ်။ ဒီရပ်တည်မှုအရ ရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းဖို့ မဖြစ်နိုင်ပေမယ့် လက်ကျန်နှစ်ပွဲကစားရန် ကျန်ရှိနေပါသေးတယ်။
ပိုစတီကိုဂလူကတော့ ဒဏ်ရာပြဿနာတွေဟာ တော့တင်ဟမ်အသင်းလတ်တလောရုန်းကန်နေရမှုတွေမှာ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ သူတို့တွေမှာ အခုညပိုင်း၊ ဟော်ဖန်ဟိမ်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝနေသူစီနီယာကစားသမား ၁၃ ဦးသာ ရှိပါတယ်။ ပိုစတီကိုဂလူက “ဥရောပအဆင့်မှာ ယှဉ်ပြိုင်ဖို့နဲ့ ဖလားပြိုင်ပွဲတွေမှာ အကောင်းဆုံးလုပ်ပြနိုင်ဖို့ တကယ့်ကို အင်အားတောင့်တင်းလှတဲ့ ကစားသမားစုဖွဲ့မှုတစ်ခု အမှန်တကယ်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ပတ်သုံးရက်ကစားရမှုကို ကျွန်တော်တို့မှာ စီမံခန့်ခွဲခွင့် မရှိလို့ပါ။
အရှိတရားကတော့ ဒဏ်ရာပြဿနာတွေကြောင့် ကျွန်တော်တို့မှာ ရွေးချယ်စရာ အများကြီးမရှိဘူးဆိုတာပါပဲ။ ဒီလိုကိစ္စတွေ ဘာကြောင့်ဖြစ်ပျက်နေသလဲဆိုတာ ကျွန်တော်တို့ အမြဲတမ်းစိစစ်လေ့လာသုံးသပ်နေပါတယ်။ ရာသီအစောပိုင်းကာလမှာပဲ ဒဏ်ရာပြဿနာတွေနဲ့အတူ တချို့အရာတွေ ထပ်ခါတလဲလဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ကို ပိုကောင်းလာအောင် ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပါတယ်။ လတ်တလောမှာတော့ ဒဏ်ရာပြဿနာတွေ စုပုံလာခဲ့ပြီး ကျပ်တည်းတဲ့ပွဲစဉ်ဇယားအတွက် ပေးဆပ်နေရပါတယ်”လို့ ဆက်ပြောပါတယ်။