အာဆင်နယ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယူရို ၂၀၂၄ မှာ ပွဲထွက်နိုင်မယ်လို့ ပြောကြားလိုက်တဲ့ ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေ
ဂန်းနားတွေအတွက် အလွန်အထင်ကြီးစရာကောင်းတဲ့ နှစ်ရာသီဆက်ခြေစွမ်းပြသမှုတွေကြောင့် ပြင်သစ်ရဲ့ ယူရိုအသင်းတွင် ဆာလီဘာက နေရာတစ်ခုရရှိခဲ့သော်လည်း ဒက်စ်ချမ့်ရဲ့ ပွဲထွက်စာရင်းမှာတော့ သူဟာ ဘိုင်ယန်မြူးနစ်က အူဘာမီကာနိုနှင့် လီဗာပူးက ကိုနာတေတို့ရဲ့နောက်မှာသာရှိနေပါတယ်။
ပြင်သစ်ဟာ ဂျာမနီတွင် သူတို့ရဲ့တတိယမြောက် ဥရောပချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် ကြိုးပမ်းသွားမှာဖြစ်ပြီး မကြာသေးမီက အဓိကပြိုင်ပွဲများတွင် အသင်းရဲ့ အကောင်းဆုံးစံချိန်ကို ဆက်လက်ရယူထားတာဖြစ်ပါတယ်။ ဒက်စ်ချမ့်ရဲ့အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားကိုရရှိခဲ့ပြီး ကာတာကဖိုင်နယ်သို့ ရောက်ရှိခဲ့သော်လည်း မက်ဆီရဲ့ အာဂျင်တီးနားကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ကမ္ဘာ့ဖလားဆက်တိုက်အနိုင်ရမယ့် တတိယအသင်းဖြစ်လာဖို့ အတားအဆီးဖြစ်ခဲ့ပါတယ်။
အမ်ဘာပေဟာ ပါရီမြို့ဆင်ခြေဖုံးရပ်ကွက်မှာ ဆာလီဘာနှင့်အတူ ကျောင်းတက်ခဲ့သူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားတွေ ဖြစ်လာကတည်းက အာဆင်နယ်ရှိ ဆာလီဘာရဲ့တိုးတက်မှုတွေက အထင်ကြီးစရာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဆာလီဘာဟာ ပရီးမီးယားလိဂ်တွင် အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် အမ်ဘာပေက အသိအမှတ်ပြုထားပြီး တနင်္လာနေ့ သြစတြီးလျနှင့်ကစားမယ့် ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်ကို စတင်မယ့် ပြင်သစ်အတွက် ပွဲထွက်ဖို့ အလားအလာရှိတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း အမ်ဘာပေက အခိုင်အမာပြောကြားခဲ့ပါတယ်။
ရာသီကုန်တွင် ရီးရဲ့လ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် ပီအက်စ်ဂျီမှ ထွက်ခွာခဲ့သော အမ်ဘာပေက "ကျွန်တော် ငယ်ငယ်ကတည်းက သူ့ကိုသိခဲ့တာပါ။ ကျွန်တော်တို့က ဘွန်ဒီမှာရှိတဲ့ မူလတန်းကျောင်းမှာပဲ နေခဲ့တာပါ" "ကျွန်တော်တို့ရဲ့ အားလပ်ချိန်တွေမှာ ဘောလုံးအတူတူ ကစားခဲ့ကြပါတယ်။ တစ်တန်းတည်း မဟုတ်ပေမယ့် သူက ကျွန်တော်တို့နဲ့ ကစားဖို့ တောင်းဆိုခဲ့ပါတယ်" "သူက ခန္ဓာကိုယ်ကြီးနေပြီမို့လို့ ကျွန်တော်တို့က ခွင့်ပြုခဲ့တာပါ။ နောက်တော့ ကျွန်တော့်အဖေက သူ့ကို AS Bondy မှာ လေ့ကျင့်ပေးပါတယ်။ ကျွန်တော်က သူ့ထက် သုံးနှစ်ကြီးတာမို့ သူ့ရဲ့ခရီးသွားခြင်းနဲ့ သူ့ရဲ့ပွဲတွေမှာ အနီးကပ်လိုက်ကြည့်ရင်း သူ့ရဲ့ကြီးပြင်းလာတာကို တွေ့ခဲ့ရပါတယ်" "ဘွန်ဒီကနေ လီဘလက်စ်သို့သွားတဲ့ နိုင်ငံ့လက်ရွေးစင်အသင်းမှာ သူ့ကိုမြင်ရတာက ကျွန်တော့်အဖို့ တကယ်ကို ပျော်စေခဲ့ပါတယ်။ သူ့ကို အဖွဲ့ထဲမှာ တတ်နိုင်သမျှ မြန်မြန် ပေါင်းစည်းဖို့ ကြိုးစားခဲ့ပါတယ်"
"ဒီရာသီမှာ သူဟာ အာဆင်နယ်အတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်လာပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်ကစားသမားတွေထဲက တစ်ယောက်ပါ" "သူက ကျွန်တော့်တို့နဲ့အတူ ပွဲထွက်ခွင့်တွေစပြီး ရနေပါပြီ။ အခု သူ့နေရာကိုရှာဖို့က သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော့်အတွက်ကတော့ သူဟာ ပြင်သစ်နဲ့အတူ အချိန်မီ စတင်နိုင်ဖို့ အရည်အချင်းတွေ ရှိပါတယ်လို့ထင်ပါတယ်" "အကိုကြီးတစ်ယောက်အနေနဲ့ ဂုဏ်ယူစွာဖြင့် သူ့ရဲ့တိုးတက်မှုတွေကို ကြည့်နေတာပါ။ ကျွန်တော်တို့ကြားမှာ တားမြစ်စရာ ဘာမှမရှိပါဘူး။ ကျွန်တော်တို့ အချင်းချင်း စနောက်ကြတွေတော့ရှိပါတယ်။ ဥပမာ ဘွန်ဒီရဲ့ကြယ်ပွင့်ဖြစ်ချင်တယ်လို့ သူက မကြာခဏပြောဖူးတယ်၊ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်က ပြန်ပြောတယ်" လို့ Ouest-France သို့ အမ်ဘာပေက ပြောပါတယ်။
အာဆင်နယ်အတွက် ဆာလီယာနှင့်အတူ ဘရာဇီးကစားသမား ဂါဘရီရယ်တို့ရဲ့ အထင်ကြီးလောက်တဲ့ ဗဟိုခံစစ်ပူးပေါင်းဆောင်ရွက်မှုတွေက ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဂန်းနားတို့ စိန်ခေါ်နိုင်စေရန် အကူအညီဖြစ်စေခဲ့ပါတယ်။ သြစတြီးလျနဲ့ ယူရိုပြိုင်ပွဲမှာ စတင်ကစားအပြီးမှာတော့ အုပ်စု D မှာ ပြိုင်ဘက် နယ်သာလန်၊ ပိုလန်တို့နှင့် ကစားရမှာဖြစ်ပြီး ပြင်သစ်က နောက်တဆင့်သို့ တက်လှမ်းဖို့ မျှော်လင့်နေပါတယ်။