
အင်္ဂလန်နည်းပြဟောင်းရဲ့ကမ်းလှမ်းမှု ကို ပယ်ချခဲ့တဲ့ ပိုလန်
သတင်းတွေအရ ပိုလန်အသင်းဟာ အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ရဲ့ကမ်းလှမ်းမှု ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ယူရိုဖိုင်နယ် ၂ ကြိမ် ၊ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အထိတက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူရို ၂၀၂၄ ဖိုင်နယ်မှာ စပိန်ကိုအရေးနိမ့်ပြီးနောက် ပြီးခဲ့တဲ့နွေရာသီတုန်းက အင်္ဂလန်နဲ့ လမ်းခွဲခဲ့ပါတယ်။
အသက် ၅၄ နှစ်သားကတော့ ပြီးခဲ့တဲ့နှစ်တုန်းက နည်းပြအလုပ်ကိုအလျင်အမြန်ပြန်လာဖို့ အလောတကြီးမလုပ်ဆောင်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပိုလန်သတင်းစာတစ်ခုကတော့ ဆောက်ဂိတ်ဟာ ပိုလန်အသင်းကိုကိုင်တွယ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အင်တာဗျူးမှာလည်း ပိုလန်အသင်းဥက္ကဌ ကူလက်စ်ဇာက နောက်ခံလူဟောင်းဟာ နည်းပြအဖြစ် တာဝန်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ပြည်ပနည်းပြတစ်ယောက်ကို ခန့်အပ်တာက အောင်မြင်မှုအတွက် အာမခံချက်မရှိဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။ “ကျွန်တော် သူ့ကိုငှားရမ်းဖို့ ကမ်းလှမ်းမှုလက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်ပနည်းပြနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်နိုင်မယ်လို့ အာမခံချက်မရနိုင်ဘူးဆိုတာ သတိရဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူ့အနေနဲ့ အာမခံချက်ပေးနိုင်မယ်ဆိုရင် ကျွန်တော် ချက်ချင်းသူ့ကိုခန့်အပ်မှာပါ”လို့ ကူလက်စ်ဇာက ဖြေကြားခဲ့ပါတယ်။
ကူလက်စ်က ယခင်ပေါ်တူဂီအသင်းကိုကိုင်တွယ်ခဲ့တဲ့နည်းပြဟောင်း ဆန်းတို့စ်ကို ဥပမာပေးပြီး ထောက်ခဲ့ပါတယ်။ “ဖာနန်ဒိုဆန်းတို့စ်က ပြီးပြည့်စုံတဲ့ဥပမာကောင်းပါ။ အောင်မြင်တဲ့နည်းပြဖြစ်သလို နာမည်လည်းကြီးပါတယ်။ လူတိုင်းကလည်း ချီးကျူးကြပါတယ်။ အဆုံးသတ်မှာ အားလုံးကိုနာကျင်စေခဲ့ပါတယ်”လို့ ထောက်ပြခဲ့ပါတယ်။
ပိုလန်အသင်းဟာ စကိုဇာကိုခန့်အပ်နိုင်ဖို့ မျှော်လင့်နေပြီး လက်ရှိမှာ စကိုဇာဟာ ဂျပန်ကလပ် ရက်ဒ်ဒိုင်းမွန်းအသင်းကို ကိုင်တွယ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က နည်းပြ ပရိုဘီရက်ဇ်ရုတ်တရက်နုတ်ထွက်ခဲ့ပြီးနောက် နည်းပြသစ်ရှာဖွေနေတာဖြစ်ပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ လီဝန်ဒေါစကီးနဲ့သက်ဆိုင်နေပြီး တကယ်လို့ ပရိုဘီရက်ဇ်ဆက်လက်ကိုင်တွယ်နေမယ်ဆိုရင် နိုင်ငံအသင်းအတွက် ဆက်ကစားပေးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဆောက်ဂိတ်ကို ပြီးခဲ့တဲ့နှစ်တုန်းက ယူနိုက်တက်က ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး အနားယူဖို့လိုအပ်နေသေးတာကြောင့် လက်မခံခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် လာမယ့်နှစ်လောက်မှနည်းပြလောကထဲပြန်ဝင်မှာပါ။ အခုတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးဖြတ်ချက်ကောင်းတွေချနိုင်ဖို့ အချိန်ပေးရပါမယ်။ တကယ်လို့ ကျွန်တော့်အတွက် အဆင်ပြေမယ့်အသင်းတွေ့ခဲ့ရင် ကိုင်တွယ်မှာပါ။ ကျွန်တော့်ဘဝကို ကျွန်တော်ပျော်ချင်ပါတယ်။ အလျင်မလိုသလို အခွင့်အရေးတွေအများကြီးရှိလာနိုင်ပါသေးတယ်”လို့ ဆောက်ဂိတ်က ပြီးခဲ့တဲ့နှစ်အောက်တိုဘာတုန်းက ဖြေကြားခဲ့ပါတယ်။