The network connection is lost.

Banner Image

ဗင်နီစီးယက်စ်ကိုစာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားလာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့တောင်ပံကြယ်ပွင့်ကစားသမား ဗင်နီစီးယက်စ်ဂျူနီယာကို စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်ဝင်စားနေပြီး ယခုအခါမှာတော့ ကစားသမားရဲ့အေးဂျင့်နဲ့ ချိတ်ဆက်နိုင်ဖို့ကြိုးစားလာတယ်လို့ သိရပါတယ်။ 

ဘရာဇီးလက်ရွေးစင်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းဘက်က ကစားသမားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လိုနေတာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အရွယ် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိထားခဲ့တဲ့ ဗင်နီစီးယက်စ်အား ဆော်ဒီပရိုလိဂ်ကလပ်တွေက မျက်စိကျနေပြီး မက်မောလောက်စရာ ငွေကြေးပမာဏတွေနဲ့ ဆွဲဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ရဲ့အဖိုးတန်ကစားသမားကို ကာကွယ်နိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ 

သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီစီးယက်စ်ကို လစာငွေတိုးပေးဖို့ စီစဉ်ထားပြီး အသင်းမှာ ကာလရှည် စာချုပ်ချုပ်ဆိုဖို့လည်း ဆွဲဆောင်သွားမယ်လို့သိရပါတယ်။ တစ်ချိန်တည်းမှာလည်း ဗင်နီစီးယက်စ်ကလည်း ရီးရဲလ်မက်ဒရစ်မှာပျော်ရွှင်နေတာကြောင့် စာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စကို အလျင်စလိုပြုလုပ်လိုခြင်းမရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့လတုန်းကလည်း ရီးရဲလ်မက်ဒရစ်မှာ နှစ်တွေအကြာကြီးနေထိုင်သွားမယ့်အကြောင်းကို ဗင်နီစီးယက်စ်က “အသင်းအတွက် ဂိုး ၁၀၀ ပြည့်အောင်သွင်းနိုင်ခဲ့တာက ကျွန်တော့်အတွက် အရမ်းအရေးပါတဲ့ အချက်အလက်တစ်ခုပါ။ အသက်-၂၄ နှစ်၊ ရာသီ ၇ ခုအကြာမှာ အသင်းရဲ့ သမိုင်းဝင်ကစားသမားဖြစ်လာခဲ့ပါတယ်။ ကျွန်တော့်အတွက်ရော၊ ကျွန်တော့်မိသားစုအတွက်ပါ ဂုဏ်ယူစရာမှတ်တမ်းတစ်ခုပါ။ ဒီပုံစံအတိုင်းပဲ အသင်းမှာ နှစ်တွေအကြာကြီး ဆက်လက်နေထိုင်သွားဖို့ မျှော်လင့်ပါတယ်” လို့ပြောကြားထားခဲ့ပါတယ်။ 

ဒီရာသီမှာ ဗင်နီစီးယက်စ်က ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိသွင်းယူထားပြီး လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်မှာ ပလေးအော့ဖ်အဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။