အာဆင်နယ်စတားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချပြီးဖြစ်တဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းထံအငှားချခဲ့တဲ့ တောင်ပံကစားသမား စတာလင်ကို လာမယ့်ဇန်နဝါရီမှာ ပြန်လည်ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ စတာလင်ဟာ အာဆင်နယ်ကိုပြောင်းပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းအတွက် ၈၂ ပွဲပါဝင်ကစားပေးထားတဲ့ စတာလင်ဟာ အာဆင်နယ်အတွက် ဒီရာသီ ၁၁ ပွဲပါဝင်ကစားထားပြီး ၁ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ စတာလင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရခဲ့တဲ့ကာရာဘောင်ဖလားပွဲမှာ ပါဝင်ခွင့်ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်မှာတော့ ပါဝင်ခွင့်ရဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ကစားခွင့်ပြတ်လပ်နေပေမယ့် ချဲလ်ဆီးဘက်က လာမယ့်ဆောင်းဈေးကွက်မှာ စတာလင်ကို ပြန်လည်ခေါ်ယူမှာမဟုတ်ဘူးလို့ အက်သလက်တစ်သတင်းဌာနက ဆိုပါတယ်။ အင်္ဂလန်သားကိုယ်တိုင်ကလည်း အာဆင်နယ်မှာပျော်ရွှင်နေပြီး ဆက်နေဖို့များနေပါတယ်။ ပြီးခဲ့တဲ့နောက်ဆုံးပွဲဖြစ်တဲ့ ပဲလေ့စ်နဲ့ပွဲကို စတာလင်တစ်ယောက် ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။
အာတီတာကတော့ သူ့အနေနဲ့ စတာလင်နဲ့ပတ်သက်ပြီး စိတ်ရှည်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ “သူက အဝတ်လဲခန်းထဲမှာ အရမ်းကောင်းတဲ့သူပါ။ ကစားခွင့်ရဖို့လည်း ထိုက်တန်ပါတယ်။ ပွဲဦးထွက်ပါဝင်ခွင့်မရသေးပဲ ၉၀% ကို အရန်အဖြစ်သာ ပါဝင်ခွင့်ရနေပါတယ်။
ကျွန်တော် ဒဏ်ရာအခြေအနေတွေကို ရှောင်ရှားချင်တာကြောင့် အခြေအနေကြည့်နေတာပါ။ နည်းစနစ်ပိုင်းကြောင့်မဟုတ်ပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ စတာလင်ဟာ အာဆင်နယ်အသင်းထံ ၁ ရာသီအငှားလာကစားနေတာဖြစ်ပြီး လာမယ့်ရာသီအကုန်မှာ ချဲလ်ဆီးထံပြန်ရဖွယ်ရှိနေပါတယ်။
စတာလင် နဲ့ ချဲလ်ဆီးတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိကျန်ရှိနေပြီး ၂၀၂၂ တုန်းက စီးတီးထံကနေ ပေါင် ၄၇.၅ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းလာခဲ့တာဖြစ်ပါတယ်။