
The network connection is lost.

လီဗာပူး နောက်ခံအစွန်လူအာနိုးလ်က သူတို့အသင်းအတွက် ဆုဖလား အောင်မြင်မှုတွေဟာ ပြည်တွင်းပြိုင်ဘက်မန်စီးတီးရဲ့ ဆုဖလား အောင်ပွဲတွေထက် ပိုပြီးအဓိပ္ပါယ်ပြည့်ဝနေတယ်လို့ ဆွေးနွေးလိုက်ပါတယ်။
လီဗာပူးက ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရရှိရေးအတွက် မန်စီးတီးနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရပါတယ်။ အနီရောင်တပ်သားတွေက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွင်း မန်စီးတီးအသင်း ရယူခဲ့တဲ့ ဆုဖလားသုံးလုံးအနက် နှစ်လုံးကို လက်ရောက်ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
အန်ဖီးလ်ဟီးရိုးအာနိုးလ်ကတော့ သူ့ရဲ့အသင်းဟာ ဥရောပနဲ့ အင်္ဂလန်ချန်ပီယံအသင်းကို နန်းချဖို့ဆိုတဲ့ ကြောက်လန့်စရာစမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံလိုက်ပေမယ့် လီဗာပူးအသင်းဟာ အောင်မြင်မှုတွေနဲ့ ပတ်သက်ရင် ပြိုင်ဘက်ထက်ပိုပြီး ပျော်ရွှင်ခံစားနိုင်လိမ့်မယ်လို့ ပြောပါတယ်။
Four Four Two သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ အာနိုးလ်က “ဒီစိန်ခေါ်မှုက ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့က ပွဲစဉ်တိုင်းအနိုင်ရရှိအောင် တည်ဆောက်ထားတဲ့ စက်ပစ္စည်းကြီးတစ်ခုနဲ့ ရင်ဆိုင်နေရသလိုပါပဲ။ ဒီစကားလုံးတွေနဲ့ပဲ မန်စီးတီးနဲ့ သူတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို အရိုးရှင်းဆုံးဖော်ပြနိုင်ပါလိမ့်မယ်။ ဒီဘက်နှစ်ပိုင်းတွေကို ပြန်ကြည့်လိုက်ပါ။ သူတို့အသင်းက ကျွန်တော်တို့အသင်းထက် ဆုဖလားတွေ ပိုမိုအနိုင်ရရှိခဲ့သလို အောင်မြင်မှုတွေ ပိုမိုရရှိခဲ့တယ်လို့ ယူဆနိုင်ပေမယ့်လည်း ကလပ်အသင်းနှစ်ခုရဲ့ အခြေအနေ၊ ဘဏ္ဍာရေးအင်အားပိုင်းအရ ကျွန်တော်တို့ ဆွတ်ခူးနိုင်ခဲ့တဲ့ ဆုဖလားတွေက ကျွန်တော်တို့အသင်း ပရိသတ်တွေနဲ့ ကလပ်အသင်းအတွက် ပိုပြီးအဓိပ္ပါယ်ပြည့်ဝနေပါလိမ့်မယ်။ ကလပ်အသင်းနှစ်ခုလုံးက ကိုယ့်ပုံစံနဲ့ပဲ ကိုယ့်အသင်းကို တည်ဆောက်ခဲ့ကြတာပါ။ ဒါကြောင့် ကျွန်တော်တို့အသင်း လုပ်ဆောင်ခဲ့တဲ့ပုံစံက အသင်းပရိသတ်တွေအတွက် ပိုပြီး အဓိပ္ပါယ်ပြည့်ဝစေနိုင်ပါတယ်”လို့ ပြောပါတယ်။
လီဗာပူးနဲ့ မန်စီးတီးတို့က အခုသီတင်းပတ်ကုန်မှာ ထိပ်တိုက်ရင်ဆိုင်ကစားရဖို့ ရှိနေပြီး ဒီပွဲစဉ်က အခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့ ပွဲစဉ်မျိုးလည်း ဖြစ်ပါတယ်။ အခုပွဲစဉ်မတိုင်ခင် အာနိုးလ်ရဲ့အသင်းက လက်ရှိချန်ပီယံတွေထက် တစ်မှတ်အသာရကာ အမှတ်ပေးဇယားကို ဦးဆောင်နေသလို ဒီနှစ်သင်းရဲ့နောက်မှာ လန်ဒန်အခြေစိုက်ဂန်းနားတပ်သားတွေကလည်း အနီးကပ်လိုက်လံဖိအားပေးနေပါတယ်။
အခုအရေးကြီးပွဲစဉ်မတိုင်ခင် ကြားရက်တွေမှာ မန်စီးတီးက ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက်အဆင့်ပွဲစဉ်၊ လီဗာပူးက စပါတာပရာဟာနဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ရှုံးထွက်ပွဲစဉ် ကစားထားပါတယ်။