The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ပေမယ့် မက်ဆီကြံ့ခိုင်မှုပြည့်ဝနေကြောင်း မာရှေယာနိုအခိုင်အမာပြော

အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက အသင်းရဲ့စူပါစတား လီယွန်နယ်မက်ဆီဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပေမယ့် ပေါ်တိုနဲ့ယှဉ်ပြိုင်သွားရမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ဘောလွန်းဒီအော် ၈ ဆုရှင်ဟာ မီယာမီနဲ့ လေ့ကျင့်ရေးအစီအစဉ်ပြုလုပ်နေစဉ် ဘယ်ခြေ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ကစားသမားရဲ့အခြေအနေကို စိုးရိမ်နေခဲ့ကြပါတယ်။ အသက်-၃၇ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာပြဿနာကြုံတွေ့ပြီးနောက် သက်တောင့်သက်သာဖြစ်နေတဲ့ပုံမပေါ်ခဲ့ပါဘူး။ 

မက်ဆီအနေနဲ့ ကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့ ယူဆရပေမယ့် နည်းပြမာရှေယာနိုကတော့ ဒဏ်ရာမပြင်းထန်ကြောင်းနဲ့ ပေါ်တိုနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း ရှင်းလင်းပြောကြားထားခဲ့ပါတယ်။ မာရှေယာနိုက "ကျွန်တော်တို့ မီယာမီကနေ အတ္တလန္တာကိုထွက်လာတော့ မက်ဆီဒဏ်ရာရတယ်ဆိုတဲ့ သတင်းတွေမြင်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူအခုတော့ ကြံ့ခိုင်မှုပြည့်ဝနေပါတယ်။ လေ့ကျင့်ရေးအစီအစဉ်ကိုလည်း အစအဆုံးလုပ်နိုင်ခဲ့ပါတယ်"

"ခြေထောက်ထိသွားတယ်ဆိုပေမယ့် တစ်ခါတလေ ကစားသမားတွေ သူ့ဘာသာဖြစ်တဲ့ဒဏ်ရာမျိုးပါ။ ပြဿနာမရှိပါဘူး။ နောက်ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ကစားသွားနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အင်တာမီယာမီအတွက်သတင်းကောင်းအနေနဲ့ အသင်းရဲ့အားထားရတဲ့နောက်ခံလူ ဂျော်ဒီအယ်လ်ဘာကလည်း ပေါ်တိုနဲ့ပွဲမှာပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။ စပိန်သားဟာ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် အီဂျစ်ကလပ် အယ်လ်အာလီကို ၀-၀ နဲ့သရေကျခဲ့တဲ့ အဖွင့်ပွဲစဉ်ကို လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ 

ဆက်လက်ပြီး မာရှေယာနိုက "ကျွန်တော်တို့မှာ ကြံ့ခိုင်မှုမပြည့်ဝတဲ့ ကစားသမားတစ်ချို့တော့ရှိနေပါတယ်။ ဒါပေမယ့် သာမန်အသင်းတွေမှာကြုံတွေ့နေကျပြဿနာမျိုးပါပဲ။ ကွင်းထဲမှာတော့ အားနည်းချက်တွေကိုမေ့ထားပြီး ရလဒ်ကောင်းထွက်လာဖို့ ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

အယ်လ်အာလီကို ဂိုးမရှိသရေကျခဲ့တဲ့ အင်တာမီယာမီအနေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်လှမ်းနိုင်ဖို့ ရမှတ်တွေလိုအပ်နေတာကြောင့် ပေါ်တိုနဲ့ပွဲမှာ အနိုင်ရလဒ်ကိုပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။