
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာလာပြီးနောက် မန်စီးတီးအတွက် အားလပ်ရက်တွေ ထပ်မလိုချင်ဘူးလို့ ဆိုလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား
ဘာနာဒိုဆေးလ်ဗားအတွက်တော့ အယ်လ်ဟီလယ်ကို အရေးနိမ့်ကာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခွာရမှုက ချန်ပီယံလိဂ်မှထွက်ခွာရစေတဲ့ ရှုံးနိမ့်မှုနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ဒါ့အပြင် အခုလိုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ မန်စီးတီးထွက်ခွာလာမှုက ပြည်တွင်းလိဂ်ဘောလုံးရာသီတစ်ခု မစတင်ခင် ကောင်းမွန်တဲ့ကံဆိုးမှုတစ်ခုဖြစ်တယ်ဆိုတဲ့ ဆွေးနွေးပြောဆိုမှုကို ဘာနာဒိုဆေးလ်ဗားကိုယ်တိုင် ပယ်ချသွားခဲ့ပါတယ်။
အခုအချိန်မှာတော့ မန်စီးတီးက သြဂုတ် ၁၆ ရက်၊ ဝုဗ်နဲ့ရင်ဆိုင်ကာ စတင်တော့မယ့် သူတို့ရဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ဆီ အာရုံစိုက်သွားပါလိမ့်မယ်။ တကယ်လို့ မန်စီးတီးသာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲဆီ တက်ရောက်သွားနိုင်မယ်ဆိုရင် လာမယ့်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်ချိန် ရက်သတ္တပတ်လေးပတ်မျှသာ ကျန်တော့လို့ အခုလို စောစောစီးစီးပြိုင်ပွဲမှထွက်ခွာရမှုကြောင့် ရာသီသစ်အတွက်ပြင်ဆင်ဖို့ အချိန်ပိုမိုရရှိသွားပါလိမ့်မယ်။
ဒါပေမဲ့ ဘာနာဒိုဆေးလ်ဗားကတော့ သူအပါအဝင် သူ့အသင်းဖော်အားလုံး အပိုအားလပ်ရက် မလိုချင်ခဲ့ဘူးလို့ ရှင်းပြပါတယ်။ ဘာနာဒိုဆေးလ်ဗားက “ ဘယ်သူမှ မရှုံးနိမ့်ချင်သလို ဘယ်သူမှ အပိုအားလပ်ရက် မလိုချင်ပါဘူး။ ပွဲစဉ်ဇယားရေးဆွဲမှုက ရူးလောက်စရာဖြစ်နေလို့ ကံမကောင်းစွာနဲ့ဘဲ အားလပ်ရက်မရှိတဲ့ဘဝမှာ ကျွန်တော်တို့တွေ အလွန်အသားကျနေခဲ့ပါပြီ။
ဒါပေမဲ့ ကျွန်တော်တို့က ဘယ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်သည်ပဲဖြစ်စေ၊ ပြိုင်ပွဲနဲ့ပတ်သက်ပြီး လေးနက်မှုအပြည့် ထားရှိပါတယ်။ ကျွန်တော်တို့မှာ ဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်မှန်းချက်တွေ အများကြီးထားရှိခဲ့ပြီး ဒီဆုဖလားကြီးကို အနိုင်ရရှိဖို့လည်း မျှော်လင့်ခဲ့ကြပါတယ်”လို့ ပြောပါတယ်။ အခုလိုရှုံးနိမ့်ထွက်ခွာမှုက ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာရမှုနဲ့ အလားသဏ္ဍာန်တူသလားဆိုတဲ့ မေးခွန်းကို အသက်-၃၀ နှစ်အရွယ်ကစားသမားက “ ဟုတ်ပါတယ်၊ အမှန်ပါပဲ၊ အတော်လေးတူပါတယ်”လို့ တုံ့ပြန်ပါတယ်။
ဆက်လက်ပြီး ဘာနာဒိုဆေးလ်ဗားက သူတို့အသင်းကစားသမားတွေ အားလပ်ရက် ဘယ်လောက်ကြာကြာရရှိမလဲဆိုတာ သေချာမသိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း သူက ပြီးခဲ့တဲ့ရာသီ၊ လီဗာပူးဆီ လွှဲပေးခဲ့ရတဲ့ ပရီးမီးယားလိဂ်သရဖူကို ပြန်လည်ရယူဖို့အတွက် ရာသီသစ်စတင်လာချိန်မှာပင် တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ဘာနာဒိုဆေးလ်ဗားက “ အချိန်ဇယား ဘယ်လိုရှိမလဲဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြန်စချိန်မှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ရေးအတွက် တက်နိုင်သမျှအနားယူသွားဖို့နဲ့ အကောင်းဆုံးပြင်ဆင်ထားဖို့ လိုအပ်မယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ကစားသမားတွေရဲ့ပြင်ဆင်ချိန်စီမံပေးဖို့ဆိုတာ ကျွန်တော့်အလုပ်မဟုတ်ပါဘူး။ရက်သတ္တပတ်နှစ်ပတ်ပဲဖြစ်ဖြစ်၊ သုံးပတ်ပဲဖြစ်ဖြစ် ကစားသမားတွေကို ပြင်ဆင်ပေးသွားဖို့ဆိုတာ နည်းပြနဲ့ သူ့ရဲ့ဝန်ထမ်းတွေပဲ လုပ်ရပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ရာသီသစ်အတွက် သေချာပေါက်ပြင်ဆင်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။