
ဒဏ်ရာကပြန်သက်သာလာပြီးနောက် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ပါဝင်လာနိုင်တဲ့ ဆာလီဘာ
ဝီလီယံဆာလီဘာဟာ ယနေ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားမယ့်ပွဲမှာ အာဆင်နယ်အတွက် ပါဝင်ကစားနိုင်ခြေရှိနေပါတယ်။ နည်းပြ အာတီတာက ဆာလီဘာဟာ ခြေကျင်းဝတ်ဒဏ်ရာကနေ သက်သာလာပြီး လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အာတီတာက ဆာလီဘာနဲ့ ဘူကာယိုဆာကာတို့ရဲ့ စာချုပ်သစ်ကိစ္စတွေကိုလည်း ပြောခဲ့ပါတယ်။
ကစားသမားနှစ်ယောက်လုံးဟာ လက်ရှိစာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသူတွေ ဖြစ်ပါတယ်။သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာတီတာက "ဝီလီ ဒီနေ့ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တယ်။ ဒါကြောင့် သူ့ကိုပွဲထွက်ကစားခိုင်းမလား၊ မခိုင်းဘူးလားဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ရပါမယ်။ ဒါကတော့ သတင်းကောင်းပါပဲ" လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကစားသမားနှစ်ယောက်လုံးကို စာချုပ်သစ်ချုပ်ဆိုဖို့ လပေါင်းများစွာ ဆွေးနွေးနေခဲ့တာပါ။ ကလပ်အသင်းကတော့ သူတို့နှစ်ယောက်လုံး မကြာခင်မှာ စာချုပ်သစ် လက်မှတ်ထိုးကြလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်အသင်းမှာ ဂါဘရီရယ် မာဂယ်ဟေးစ်၊ မိုင်းလ်စ် လူးဝစ်-စကယ်လီနဲ့ အီသန်ဝမ်နရီတို့ကတော့ စာချုပ်သစ်တွေ ချုပ်ဆိုပြီးသား ဖြစ်ပါတယ်။
ဆာလီဘာနဲ့ ဆာကာတို့ရဲ့ စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး အာတီတာက "ကလပ်အသင်း၊ အန်ဒရီယာဘာတာ လုပ်ဆောင်နေတာတွေနဲ့ ကစားသမားတွေရဲ့ အေးဂျင့်တွေကြားက ပူးပေါင်းဆောင်ရွက်မှုက အရမ်းကို ကောင်းမွန်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ကစားသမားတွေက ဒီအသင်းမှာပဲ ဆက်နေချင်ပြီး လာမယ့်နှစ်တွေမှာ ကလပ်သမိုင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေချင်ကြတာပါပဲ။ ဒါက အမြဲတမ်း ကောင်းတဲ့လက္ခဏာတစ်ခုပါ။ အန်ဒရီယာကပဲ ဒီကိစ္စကို ဦးဆောင်ပြီး ရှေ့ဆက်သွားမှာပါ" လို့ ထပ်ပြောခဲ့ပါတယ်။
ဆာလီဘာဟာ နိုင်ငံတကာပွဲစဉ်တွေ မစခင်က လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တာပါ။ အဲ့ဒီပွဲမှာ ရှုံးနိမ့်ခဲ့ရာကနေ ပြန်လည်ရုန်းထနိုင်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အတွက် သူ ပြန်လာနိုင်ခြင်းက အများကြီး အထောက်အကူ ဖြစ်စေမှာပါ။