
ဆာလက်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း လီဗာပူးအတည်ပြု
လပေါင်းများစွာအပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဆာလက်တစ်ယောက် လီဗာပူးအသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ အီဂျစ်သား နဲ့ လီဗာပူးတို့ကြား စာချုပ်သက်တမ်းက ၂၀၂၅ နွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီး အပြောင်းအရွှေ့သတင်းတွေက ပုံမှန်လိုထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အလွတ်နဲ့ထွက်ခွာခွင့်ရမှာဖြစ်တာကြောင့် ဆော်ဒီလိဂ်အပြင် အသင်းတော်တော်များများက ခေါ်ယူဖို့ မျက်စိကျခဲ့ကြပါတယ်။ “မှန်ပါတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ အခုဆိုကျွန်တော်တို့ ကောင်းမွန်တဲ့အသင်းတစ်သင်းကို ပိုင်ဆိုင်နေပါပြီ။ အဲ့မတိုင်ခင်တုန်းကလည်း ကျွန်တော်တို့ အသင်းကောင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လက်မှတ်ထိုးခဲ့တာက ဒီအသင်းနဲ့အတူ အခြားဆုဖလားတွေအပြင် ပျော်ပျော်ရွှင်ရွှင်ဘောလုံးကစားချင်တာကြောင့်ပါ။ အဲ့တာက ကောင်းမွန်ပါတယ်။
ဒီမှာ ကျွန်တော်အကောင်းဆုံးနှစ်တွေကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒီမှာ ၈ နှစ်ကစားခဲ့ပြီးပါပြီ။ ၁၀ နှစ်လောက်အထိ အခုတော့ ဆက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီမှာကစားရတာ ပျော်ရွှင်ပါတယ်။ ပရိသတ်တွေကို ကျွန်တော် ပြောချင်တာကတော့ ဒီမှာ ကျွန်တော် အရမ်းအရမ်းပျော်နေပါတယ်။ ကျွန်တော် စာချုပ်သက်တမ်းတိုးခဲ့တာကလည်း ကြီးမားတဲ့ဆုဖလားတွေကို အတူတူရယူချင်တာကြောင့်ပါ။ ဆက်လက်ပြီးအားပေးကြပါ။ ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံးတွေပြန်ပေးပါ့မယ်။ အနာဂတ်မှာ ဆုဖလားတွေအများကြီး ဆက်လက်ရယူနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဆာလက်က လီဗာပူးအသင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။
ဆာလက်ဟာ ၂၀၁၇ တုန်းက ရိုးမားအသင်းထံကနေ လီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၃၉၄ ပွဲမှာ ၂၄၃ ဂိုးအထိသွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ ယူအီးအက်ဖ်အေစူပါဖလား နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေရယူထားနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အခုအပတ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။