တော့တင်ဟမ်နဲ့ပွဲစဉ်မှာ လီဗာပူးအသင်းတိုက်စစ်ပိုင်း အတော်လေးကောင်းခဲ့တယ်လို့ ဆိုလိုက်တဲ့ မိုဆာလက်
ယမန်နေ့ညပိုင်း၊ တော့တင်ဟမ်အသင်းကို ၆-၃ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းကစားပုံ အတော်လေးကောင်းမွန်ခဲ့တယ်လို့ မိုဆာလက်က ပြောပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို လေးမှတ်ဖြတ်ဦးဆောင်နိုင်စေမယ့် တနင်္ဂနွေနေ့နိုင်ပွဲအတွင်း မိုဆာလက်က သွင်းဂိုးနှစ်ဂိုး၊ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ လျှပ်စီးလက်သလိုစွမ်းဆောင်ပြနေတဲ့ အီဂျစ်လက်ရွေးစင်ကစားသမားက အခုရာသီ၊ ပရီးမီးယားလိဂ် ၁၆ ပွဲကစားပြီးချိန် ၁၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်လေးရာသီဆက်၊ သွင်းဂိုး ၁၀ ဂိုးကျော်နဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ထက်မနည်းလုပ်ဆောင်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
လီဗာပူးအသင်းက အခုရာသီ၊ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ထားပေမယ့် မိုဆာလက်ကတော့ အသင်းရဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရယူဖို့ ကြိုးပမ်းနေချိန် ခံစစ်ပိုင်းကစားပုံကို အခုထက်ပိုပြီး စနစ်တကျရှိစေရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်။ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ သူတို့တွေက ၅-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ချေပဂိုးတွေ ပြန်လည်ခွင့်ပြုပေးရကာ ပွဲစဉ်အပေါ်ဦးဆောင်ထားနိုင်မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးခဲ့ရပါတယ်။
ပွဲစဉ်အပြီး မိုဆာလက်က “ကျွန်တော်တို့အသင်း တိုက်စစ်ကစားချိန် အတော်လေးကောင်းမွန်ပေမယ့် ခံစစ်ပိုင်းမှာတော့ အသင်းတစ်ခုအဖြစ် တိုးတက်လာအောင် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ သုံးဂိုးအထိ ခွင့်ပြုပေးရတာ အတော်လေးခက်ခဲလွန်းပါတယ်။ ရလဒ်ကတော့ ကောင်းမွန်ပါတယ်။ ကျွန်တော်တို့တွေ ဒီအတိုင်းပဲရှေ့ဆက်နိုင်ဖို့ မျှော်လင့်မိပါတယ်။
တော့တင်ဟမ်အသင်းရဲ့ကစားဟန်၊ သူတို့ရဲ့တိုက်စစ်ဆင်ပုံတွေကြောင့် ဝရုန်းသုန်းကားပွဲစဉ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ပွဲအတွင်းမှာအမြဲတမ်းရှိနေဖို့ ပြင်ဆင်ထားခဲ့ပါတယ်။
တော့တင်ဟမ်ကလည်း သူတို့ရဲ့ကစားပုံကို အများကြီးမပြောင်းလဲထားခဲ့ပါဘူး။ ဒါက အတော်လေးကြမ်းလွန်းပါတယ်။ မန်စီးတီးအပါအဝင် အခြားအသင်းတွေဆိုရင် ဒီကွင်းကြီးမှာလာကစားရချိန် အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ခက်ခဲပြင်းထန်တဲ့ပွဲစဉ်တစ်ခုမှာ ကျွန်တော်တို့အသင်း အနိုင်ရရှိခဲ့လို့ ပျော်ရွှင်ကျေနပ်မိပါတယ်”လို့ Sky Sports သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းက အထင်ကြီးလောက်စရာပုံစံကောင်းကို ဆက်လက်ပြသနိုင်ဖို့ လာမယ့် Boxing Day နေ့မှာ လက်စတာနဲ့ ရင်ဆိုင်ကစားသွားရပါမယ်။ ဒါ့အပြင် မိုဆာလက်ကိုယ်တိုင်လည်း သူ့ရဲ့စံချိန်တွေကို ဆက်လက်တိုးမြှင့်သွားဖို့ မျှော်လင့်နေပါလိမ့်မယ်။