
စိတ်ပျက်စရာသရေရလဒ်နဲ့ပတ်သက်ပြီး တွေးတောမနေကြဖို့ တိုက်တွန်းလိုက်တဲ့ ဟန်စီဖလစ်ခ်
ယမန်နေ့ညပိုင်း၊ ဘက်တစ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျကာ လာလီဂါအမှတ်ပေးဇယားကို အခုထက်ပိုပြီး အမှတ်ဖြတ်ဦးဆောင်နိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ပြီးနောက် ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က စိတ်ပျက်ဖွယ်ရလဒ်ပိုင်းကို မေ့ဖျောက်ကာ ရှေ့ခရီးဆက်သင့်တယ်လို့ ပြောခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘာစီလိုနာက ရမှတ် ၆၇ မှတ်ဖြင့် စနေနေ့အစောပိုင်းမှာ ဗလန်စီယာကို ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အပေါ် လေးမှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆက်လက်ရပ်တည်ခဲ့ပါတယ်။ လက်ကျန်ရှစ်ပွဲကစားရဖို့ကျန်ရှိနေသေးချိန် အက်သလက်တီကိုမက်ဒရစ်ကတော့ ၅၇ မှတ်ဖြင့် အမှတ်ပေးဇယားတတိယနေရာမှာ ရှိနေပါတယ်။သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်မရရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဂိုးကံခေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကစားပုံ ကောင်းခဲ့ပါတယ်။
ဒီနေ့လိုကာလမျိုးမှာ ကျွန်တော်တို့ ဂိုးမသွင်းယူနိုင်ချိန် ဒီအရှိတရားကိုလက်ခံပြီး အပေါင်းလက္ခဏာဆောင်တဲ့ ရှုထောင့်မှ ကြည့်မြင်သွားရပါမယ်။ ကျွန်တော့်အတွက်ဆိုရင်လည်း အစွမ်းကုန်ကြိုးစားပြီး ပွဲကို လွှမ်းမိုးထားနိုင်ခဲ့တယ်ဆိုတဲ့ အချက်တစ်ခုပဲ ကျန်ရှိပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဟန်စီဖလစ်ခ်က ဆုဖလားသုံးလုံးလမ်းကြောင်းထက် လျှောက်လှမ်းနေတဲ့ ဘောလုံးရာသီတစ်ခုရဲ့ နောက်ဆုံးအခိုက်အတန့်မှာ သူ့အသင်းကိုမြင်တွေ့ရတာ ကောင်းမွန်လှတယ်လို့ ထင်မြင်ယူဆနေပါတယ်။
လာလီဂါအမှတ်ပေးဇယားဦးဆောင်သူတွေက ကိုပါဒယ်လ်ရေးဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှာလည်း ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ ဟန်စီဖလစ်ခ်က “ နောက်ပိုင်းပွဲစဉ်အနည်းငယ်မှာ ကစားသမားတွေ လုပ်ပြခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဂုဏ်ယူနိုင်ရပါမယ်။
ကျွန်တော်တို့တွေ ကိုပါဒယ်လ်ရေးဖလားဖိုင်နယ်ဆီ ရောက်ရှိနေပါပြီ။ ပြီးတော့ အခုပွဲစဉ်သရေကျပေမယ့် ကျွန်တော်တို့ရဲ့ဦးဆောင်မှုကို ထပ်မံတိုးမြှင့်နိုင်ခဲ့တယ်။ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒါက ထူးခြားတဲ့အခြေအနေတစ်ခုပါ”လို့ ပြောပါတယ်။