The network connection is lost.

Banner Image

အူဒီးနီးစ်နဲ့ပွဲစဉ်မှာ အခွင့်အရေးကောင်းတွေဖြုန်းတီးပစ်ခဲ့လို့ မချိတင်ကဲဖြစ်နေတဲ့ နာပိုလီနည်းပြကွန်တီ

တနင်္ဂနွေနေ့နံနက်ပိုင်း၊ အူဒီးနီးစ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ စီးရီးအေပွဲစဉ်အပြီး နာပိုလီအသင်းအနေဖြင့် လိဂ်ကိုးပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရေးထိုးနိုင်ဖို့ အစွမ်းကုန်ပေးဆပ်ကစားခဲ့တယ်လို့ ခံစားမိပေမယ့် အခုထက်ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်ပါတယ်လို့ နည်းပြကွန်တီက ပြောခဲ့ပါတယ်။ အီတာလျံလူမျိုးနည်းပြက အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း နာပိုလီအသင်း ပွဲကိုထိန်းချုပ်ကာ အခွင့်အရေးများစွာဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်မှုကို ရည်ညွှန်းကာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။

DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် ကွန်တီက “ အခုပွဲစဉ်မှာ ကျွန်တော်တို့အသင်းအတွက် တစ်မှတ်ထက်ပိုပြီး ထိုက်တန်တယ်လို့ ယူဆမိတာကြောင့် ဝမ်းနည်းမိပါတယ်။ ဒုတိယပိုင်းမှာ တဖြည်းဖြည်းရပ်တန့်သွားပေမယ့် ပထမပိုင်းအတွင်းမှာတော့ ကျွန်တော်တို့က ပွဲကိုထိန်းချုပ်ပြီး အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအခွင့်အရေးတွေကို အသုံးမချနိုင်ဘူးဆိုရင်တော့ ပြဿနာတွေ တက်လာပါလိမ့်မယ်။

အခုပွဲစဉ်အတွက် ပါဝင်ကစားပေးသူတိုင်းလည်း နိုင်ပွဲရရှိဖို့ အစွမ်းကုန်ပေးဆပ်ကစားခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ကိုးပွဲဆက်ရှုံးနိမ့်မှုမရှိတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒါက သာမန်ထက်ထူးကဲလွန်းပါတယ်လို့ ကျွန်တော်ပြောလာချိန် ဒီစကားတွေဟာ ရင်ထဲမှလာတယ်ဆိုတာကို ယုံကြည်ပေးစေချင်ပါတယ်”လို့ ပြောပါတယ်။ တိုမီနေးရဲ့အရမ်းကောင်းတဲ့ခေါင်းတိုက်ချက်နဲ့ နာပိုလီတို့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ယာဂန်အက်ခ်လန်ကမ့်က ဂိုးဧရိယာပြင်ပအပြင်းကန်သွင်းမှုနဲ့အတူ ချေပဂိုးကို ရယူသွားခဲ့ပါတယ်။ ကွန်တီကတော့ အူဒီးနီးအသင်းရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေကို ထောက်ပြသွားခဲ့ပါတယ်။

“အူဒီးနီးစ်က မကြာခင်မှာ အသင်းကြီးတွေဆီ ရောက်ရှိသွားမယ်လို့ ကျွန်တော်ယုံကြည်ထားတဲ့ အရည်အသွေးမြင့်ကစားသမားအချို့နဲ့အတူ အင်မတန်ကာယအားပြုကစားနိုင်တဲ့ အသင်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ကိုယ်လုပ်နေကျအတိုင်း ဖိအားပေးကစားခဲ့ပေမယ့် သူတို့အသင်းမှာ အမြင့်ဘောလွှမ်းမိုးနိုင်စွမ်းအပြည့်အဝရှိတဲ့၊ အမြဲလိုလို လက်နက်ကောင်းတစ်ခုလိုဖြစ်နေတဲ့ လိုဇာနိုလက်ကာလို ကစားသမားမျိုးတွေ ပါဝင်လာခဲ့ပါတယ်”လို့ ကွန်တီက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရိုးမားနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျပြီးနောက် ဒုတိယမြောက်သရေပွဲစဉ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ နာပိုလီက စီးရီးအေအမှတ်ပေးဇယားထိပ်မှာ ခြောက်မှတ်ဖြတ်ဦးဆောင်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့တွေက အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ တစ်ပွဲလျော့အင်တာမီလန်ထက် လေးမှတ် အသာစီးရနေပြီး အမှတ်ပေးဇယားတတိယနေရာမှာရှိနေတဲ့ အတ္တလန္တာကိုလည်း ငါးမှတ်ဖြတ်ထားနိုင်ပါတယ်။ အင်တာမီလန်က အခုညပိုင်းမှာ ဖီအိုရင်တီးနားနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။

“ကျွန်တော်ကိုယ်တိုင်လည်း ကောင်လေးတွေဆီမှ အခုထက်ပိုပြီး မတောင်းဆိုနိုင်တော့ပါဘူး။ ဒီလိုမှမဟုတ်ရင် စက်ယန္တရားတွေ ကျိုးပျက်ပြီး အင်ဂျင်ခန်းတစ်ခုလုံး ပျက်စီးသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ နှစ်ပွဲဆက်သရေကျလို့ စိတ်ပျက်နေမယ်ဆိုရင်လည်း ဒါက ကျွန်တော့်ရဲ့ပြဿနာမဟုတ်ပါဘူး”လို့ ကွန်တီက ပြောပါတယ်။