
တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ မန်စီးတီးအသင်း ပြန်လည်အားကောင်းလာမည်ဟု ဂွာဒီယိုလာယုံကြည်နေ
မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက မနေ့ညက အီတီဟတ်ကွင်းမှာ တော့တင်ဟမ်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းမှာ အသင်းဟာ အားပြန်ပြည့်လာပြီး ပုံမှန်ခြေစွမ်းရရှိလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီရှုံးပွဲက စိတ်ပျက်စရာကောင်းတယ်ဆိုပေမဲ့ ရာသီအစပဲရှိသေးတယ်လို့ ဂွါဒီယိုလာက အလေးအနက်ပြောကြားခဲ့ပါတယ်။ စပိန်လူမျိုးနည်းပြက "ပွဲစဉ် (၁) မှာ ဝုဗ်အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရတုန်းက လူတိုင်း အားလုံးအဆင်ပြေတယ်လို့ ပြောခဲ့ကြတယ်။ ဒါက တစ်ပွဲတည်းပါပဲ" လို့ ပွဲအပြီးမှာ သုံးသပ်ခဲ့ပါတယ်။ ဂွါဒီယိုလာက တော့တင်ဟမ်အသင်းရဲ့ ခံစစ်ကစားပုံကို ချီးကျူးခဲ့ပြီး စီးတီးအသင်းအနေနဲ့ သူတို့ရဲ့ကစားကွက်ကို ပြောင်းလဲကစားခဲ့ရပေမဲ့ အခွင့်အရေးတွေကို လက်လွှတ်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။
"ကျွန်တော်တို့ ဘရန့်ဖို့ဒ်နဲ့ ကစားတုန်းကလိုပဲ ပြင်ဆင်မှုတွေအများကြီးနဲ့ တစ်ဦးချင်းထိန်းချုပ်မှုတွေနဲ့ ကစားခဲ့ကြတယ်။ အသေးအမွှားကိစ္စတချို့လွဲချော်ခဲ့ပေမဲ့ ထူးထူးခြားခြားတစ်ခုခုကိုတော့ ကျွန်တော် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး" လို့ သူကထပ်လောင်းပြောကြားခဲ့ပါတယ်။
အနာဂတ်ကိုမျှော်ကြည့်ပြီး ဂွါဒီယိုလာက အသင်းအနေနဲ့ အကျပ်အတည်းကြုံနေတာမဟုတ်ဘဲ ရာသီကုန်ဆုံးချိန်အထိ တိုးတက်လာလိမ့်မယ်လို့ ပရိသတ်တွေကို အာမခံခဲ့ပါတယ်။
"တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာမှာဖြစ်ပြီး ဆက်သွယ်မှုတွေ ပိုမိုကောင်းမွန်လာမှာပါ။ အကောင်းမြင်စရာတွေအများကြီးရှိပြီး ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားရပါမယ်" လို့ ဂွါဒီယိုလာကပြောခဲ့ပါတယ်။
တော့တင်ဟမ်အသင်းကို ရှုံးနိမ့်ခဲ့တာဟာ မတော်တဆဖြစ်ခဲ့တာဖြစ်ပြီး အသင်းသားတွေအနေနဲ့ နည်းဗျူဟာတွေကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပြီး လာမယ့်ပွဲတွေမှာ အရှိန်မြှင့်တင်ကာ ပိုမိုအားကောင်းလာလိမ့်မယ်လို့ ယုံကြည်ကြောင်း စီးတီးနည်းပြရဲ့ ပြောကြားချက်အရ သိရပါတယ်။