The network connection is lost.

Banner Image

လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီးနှင့် ချဲလ်ဆီးတို့အား ယူနိုက်တက်နှင့်ပတ်သက်ပြီး သတိပေးလိုက်တဲ့ ဂယ်ရီနဗီးလ်

ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်တွင်ဆာ အဲလက်ဇ်ဖာဂူဆန် အနားယူပြီးနောက် ကြီးမားတဲ့ နိမ့်ပါးမှုကို ကြုံတွေ့ခဲ့ရပြီး ယခုအခါတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အောက်ခြေပိုင်းတွင်သာ ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လည်း ဝေးကွာနေတာဖြစ်ပါတယ်။ ဖာဂီလက်ထက် အင်္ဂလန်အတွင်း စိုးမိုးခဲ့တဲ့ ယူနိုက်တက်ဟာ ဂန္တဝင်နည်းပြကြီး အနားယူပြီးနောက် ကြီးမားစွာ ရုန်းကန်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ မလိုချင်တဲ့ မှတ်တမ်းများကို ဆက်လက်ချိုးနေပြီး ဂယ်ရီနဗီးက အမ်မိုရင် လက်ထက်တွင် မည်သည့် ပြန်လည်တည့်မတ်လာမယ့်အရေးကို မမြင်မိကြောင်း ဝန်ခံခဲ့ပါတယ်။ သို့သော်လည်း အင်္ဂလန်လက်ရွေးစင်ခံစစ်မှူးဟောင်းက ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြန်လည်ယှဉ်ပြိုင်လာမည်သာမက ကြီးမားစွာ အနိုင်ရလာမယ်လို့ ခိုင်မာစွာယုံကြည်နေပါတယ်။

မန်စီးတီးဟာ မကြာသေးမီနှစ်များအတွင်း အင်္ဂလိပ်ဘောလုံးတွင် စိုးမိုးခဲ့ပြီး ပက်ဂွါဒီယိုလာလက်ထက်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆု လေးကြိမ်ဆက်တိုက်ရရှိခဲ့ပြီး သမိုင်းဝင် ဆုဖလား ၃ လုံးကိုလည်း တစ်ပြိုက်နက်တည်း ရရှိခဲ့ပါတယ်။ လီဗာပူး၊ အာဆင်နယ်နှင့် ချဲလ်ဆီးတို့ကလည်း ရုန်းကန်နေရတဲ့ ယူနိုက်တက်ကို ကျော်တက်သွားခဲ့ပြီး လီဗာပူးနှင့် အာဆင်နယ်တို့ဟာ ယခုအခါတွင် စိတ်ဝင်စားဖွယ် ချန်ပီယံလုပွဲတွင် ပါဝင်နေပါတယ်။

"ဆာအလက်နှင့် ဒေးဗစ်ဂီးလ်တို့ ၂၀၁၃ ခုနှစ်တွင် ထွက်ခွာသွားချိန်ကို ပြန်ကြည့်လျှင် အစီအစဉ်ဆွဲမှုက ကြောက်မက်ဖွယ်ဖြစ်ခဲ့တာပါ" လို့ နဗီးလ်က The Times သို့ ပြောကြားခဲ့ပါတယ်။ "လီဗာပူးက ကလော့ပ်ထွက်ခွာသွားပြီးနောက်ပိုင်း ဘယ်လိုဆောင်ရွက်ခဲ့တာကို တွေးကြည့်လိုက်ပါ။ ယူနိုက်တက်မှာ ပျက်ကွက်မှု ၁၀၀ ရာခိုင်နှုန်းက ဂလာဇာမိသားစုအပေါ်တွင် ကျရောက်နေပါတယ်"

"ထိုကာလက ထူးဆန်းခဲ့တာပါ ဘောလုံးဌာန အားကစားဌာန မပါဘဲ ဘောလုံးကလပ်တစ်ခုကို ဆယ်စုနှစ်တစ်ခုကြာ စီမံခန့်ခွဲခဲ့ကြတာပါ ဒါက ရူးသွပ်မှုတစ်ခုပါ" "ယခုအခါတွင် Ineos ဝင်ရောက်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးစားပေးမှုက ဂလာဇာမိသားစု လုံးဝထွက်ခွာသွားပြီး အပြည့်အဝထိန်းချုပ်မှုကို လက်ခံရရှိရန်ဖြစ်သော်လည်း အနည်းဆုံးတော့ သူတို့သည် ဆုံးဖြတ်ချက်များချနေပြီဖြစ်ပါတယ်"

"သူတို့က ဒါကို ခက်ခဲစွာတွေ့ရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါက ရေနံတင်သင်္ဘောကြီးတစ်စင်းနှင့် တူပါတယ်။ ယူနိုက်တက်သို့ မရောက်မီ ကလပ်ရဲ့ အရွယ်အစားနှင့် အရာရာရဲ့ ကြီးမားမှုကို နားလည်နိုင်မှာ မဟုတ်ပါဘူး" "နည်းပြချုပ် အမ်မိုရင်က ကွင်းအတွင်း မြင်နေရတဲ့အရာများကို မယုံကြည်နိုင်ဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်း ဒါတွေက ပြောင်းလဲလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"ယူနိုက်တက်က ကမ္ဘာ့အဆင့်မီ ပရိသတ် ၁၀၀,၀၀၀ ဆံ့ အားကစားကွင်းနှင့်၊ အကောင်းဆုံး လေ့ကျင့်ရေးကွင်းရှိသင့်တယ်လို့ ထင်ပါတယ်" "ယူနိုက်တက် ပြန်လည်အနိုင်ရလာမယ်လို့ ကျွန်တော်ကတော့ ခိုင်မာစွာယုံကြည်ပြီး ကြီးမားစွာ အနိုင်ရလာမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို အမြဲတမ်းဖိနှိပ်ထားနိုင်မှာမဟုတ်လို့ပါ။ ပြန်လည်တည့်မတ်လာမယ့် အရိပ်အယောင်မမြင်မိသော်လည်း ဘယ်အလုပ်မဆို အချိန်ပေးဖို့တော့ လိုပါတယ်။ သုံးနှစ် ဒါမှမဟုတ် လေးနှစ်ကြာနိုင်ပါတယ်" လို့ နဗီးလ်က ပြောပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တွင် ပို့စ်တီကိုဂလူရဲ့ တော့တင်ဟမ်နှင့် မြောက်လန်ဒန်မှာ ကစားမှာဖြစ်ပြီး တော့တင်ဟမ်ကသာ အနိုင်ရပါက ယူနိုက်တက်ကို ကျော်တက်သွားမှာဖြစ်ပါတယ်။