
လိုက်ပ်ဇစ်စတားကို ခေါ်ယူနိုင်ဖို့အရှိန်မြှင့်လုပ်ဆောင်လာတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကိုအားခေါ်ယူနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ မယ်ရာသတင်းဌာနက လိုက်ပ်ဇစ်အသင်းဟာ မှန်ကန်တဲ့ပြောင်းရွှေ့ကြေးရရှိဖို့ ညှိနှိုင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆက်စ်ကိုရဲ့မူလတန်ကြေးက ပေါင်သန်း ၆၀ ဖြစ်ပြီး အာဆင်နယ်ဘက်က လိုက်ပ်ဇစ်တောင်းဆိုတဲ့တန်ကြေးမျိုးပေးချေဖို့ အသင့်ရှိနေပါတယ်။
အာဆင်နယ်ဟာ ၂၀၂၄ နွေရာသီကတည်းက ဆက်စ်ကိုကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားက ဂျာမန်မြေမှာပဲ ဆက်နေခဲ့တာဖြစ်ပါတယ်။ ဆက်စ်ကိုအခြေအနေက လိုက်ပ်ဇစ်မှာ ဆက်လက်တောက်ပခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၂၁ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အခုချိန်မှာ လိုက်ပ်ဇစ်ဘက်က ဥရောပဝင်ခွင့်မရတာကြောင့် အခြေအနေတွေက ပြောင်းလဲလာခဲ့ပြီး အာဆင်နယ်က ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ ၂ သင်းကြားဆွေးနွေးမှုတွေက တိုးတက်လာနေပြီး အာဆင်နယ်ဘက်က ကနဦးကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆက်စ်ကိုက အာဆင်နယ်ရဲ့ဦးစားပေးပစ်မှတ်ဖြစ်ပေမယ့် အခြားတစ်ဖက်မှာလည်း စပို့တင်းစတား ယိုကရက်စ်ကိုလည်း ချိတ်ဆက်နေပါတယ်။ တကယ်လို့ အာဆင်နယ်အနေနဲ့ ဆက်စ်ကိုအပြောင်းအရွှေ့အဆင်မပြေခဲ့ရင် ယိုကရက်စ်ကိုခေါ်ယူဖွယ်ရှိနေပါတယ်။
အီဆက်အခြေအနေကိုပါ စောင့်ကြည့်နေပေမယ့် နယူးကာဆယ်ဘက်က ရောင်းချလိုခြင်းမရှိတာဖြစ်ပြီး ပြည်တွင်းပြိုင်ဘက်ဖြစ်တာကြောင့် ပိုရောင်းချလိုခြင်းမရှိတာဖြစ်ပါတယ်။လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရတာကြောင့် အာဆင်နယ်ဟာ လူအင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေပြီး ဆက်စ်ကိုလိုလူငယ်ခြေတတ်တိုက်စစ်မှူးမျိုးကို ရေရှည်အတွက် ခေါ်ယူချင်နေပါတယ်။ လိုက်ပ်ဇစ်ဘက်က အခုချိန်မှာညှိနှိုင်းလာပြီဖြစ်တာကြောင့် လာမယ့်အပတ်တွေမှာ အပြောင်းအရွှေ့က အပြီးသတ်ဖွယ်ရှိနေပါတယ်။