The network connection is lost.

Banner Image

တည်ကန်ဘောတွေမှာ ယူနိုက်တက်ရုန်းကန်နေရတယ်လို့ ဝန်ခံပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ တည်ကန်ဘောတွေနဲ့ပတ်သက်ပြီး ရုန်းကန်နေရကြောင်း ဝန်ခံလာခဲ့ပြီး တည်ကန်ဘောတွေမှတစ်ဆင့် ဂိုးတွေခွင့်ပြုနေရခြင်းအတွက် သူ့မှာပဲတာဝန်ရှိတယ်လို့ ပြောကြားလာခဲ့ပါတယ်။  

ယမန်နေ့ညက ဘုန်းမောက်ကို ၀-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ တည်ကန်ဘောမှတစ်ဆင့် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး ရိုင်ယန်ခရစ္စတီရဲ့ဖြတ်တင်ဘောကို ဒင်းန်ဟူဆန်ကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာမိုရင်က အခုလို တည်ကန်ဘောတွေကနေတစ်ဆင့် ဂိုးတွေခွင့်ပြုရခြင်းအတွက် သူ့မှာ တာဝန်အပြည့်အဝရှိကြောင်း ပြောကြားလာခဲ့ပြီး အသင်းရဲ့တည်ကန်ဘောနည်းပြ ကားလို့စ်ဖာနန်ဒက်စ်ကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ အလွတ်တည်ကန်ဘောတွေမှတစ်ဆင့် သွင်းဂိုး ၇ ဂိုးအထိခွင့်ပြုထားခဲ့ရတာလည်းဖြစ်ပါတယ်။ အာမိုရင်က “ဒီရှုံးပွဲနဲ့ တည်ကန်ဘောကနေ ဂိုးပေးခဲ့ရတာက ကျွန်တော့်မှာပဲ တာဝန်အပြည့်အဝရှိပါတယ်။ ကားလို့စ်နဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့အသင်းက အကောင်းနဲ့အဆိုး ရောထွေးနေတဲ့အသင်းပါ။ ဒီပွဲမှာလည်း တည်ကန်ဘောကနေ ဂိုးပေးခဲ့ရပြန်ပြီး ဒါကို တိုးတက်အောင်ပြုလုပ်ဖို့လိုအပ်နေပါတယ်။ ဒါပေမယ့် တည်ကန်ဘောတွေကြောင့် အသင်းကရှုံးတာမဟုတ်ပါဘူး။ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ရှုံးတာပါ။ ပြီးတော့ ပြိုင်ဘက်နဲ့ တူညီတဲ့ အခွင့်အရေးမျိုးဖန်တီးနိုင်ခဲ့ပေမယ့် သူတို့ကပဲဂိုးရပြီး၊ ကျွန်တော်တို့ကတော့ ဂိုးမရခဲ့ပါဘူး။ တည်ကန်ဘောကနေ ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ကျွန်တော်တို့ စိတ်ဓာတ်နည်းနည်းကျသွားပုံရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

အာမိုရင်က ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့ မန်စီးတီးနဲ့ပွဲစဉ်မှာကတည်းက လူစာရင်းကနေ ချန်လှပ်ထားခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အာမိုရင်ဟာ ယခုပွဲစဉ်မှာလည်း လူစာရင်းကနေထုတ်ပယ်ထားခဲ့ပါတယ်။ အင်္ဂလန်သားနဲ့ပတ်သက်ပြီး အာမိုရင်က “ဒါက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပါပဲ။ နောက်လည်း ဒီလိုပုံစံအတိုင်းပဲ ဆုံးဖြတ်သွားဦးမှာပါ။ ဒါက ကျွန်တော့်ရဲ့ရွေးချယ်မှုပါ။ ကျွန်တော့်အနေနဲ့ ကစားသမားတွေကို အကောင်းဆုံးပုံစံမှာပဲ ရှိနေတာကို မြင်ချင်ပါတယ်။ ဒီအတွက်ပဲ အာရုံစိုက်ပြီး အလုပ်လုပ်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဝုဗ်နဲ့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ပါဝင်နိုင်ချေရှိသလားလို့မေးမြန်းခဲ့ရာ ပေါ်တူဂီသားက “အခြေအနေတွေအပေါ်မူတည်ပါတယ်။ ကျွန်တော်တို့သိရမှာပါ” လို့ဖြေကြားခဲ့ပါတယ်။ ဘုန်းမောက်နည်းပြ အန်ဒိုနီအီရာအိုလာကတော့ ယူနိုက်တက်ဘက်ကို ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့ အသင်းရဲ့ ဆယ်ကျော်သက်ကစားသမားလေး ဒင်းန်ဟူဆန်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

အီရာအိုလာက “ဒီလိုကွင်းကြီးထဲမှာ သူက သူ့ကိုယ်သူယုံကြည်မှုရှိနေပါတယ်။ သူ့ရဲ့ယုံကြည်မှုက အသိအမှတ်ပြုစရာပါ။ ကျွန်တော်တို့အသင်းမှာ အရပ်ရှည်တဲ့ကစားသမားတွေ သိပ်မရှိပါဘူး။ ဒါပေမယ့် ဒင်းန်က တည်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေအသင်းမှာ ရှိလာပါပြီ။ ပိုကျစ်လစ်လာပြီး အများကြီးရင့်ကျက်လာပါတယ်။ ကျွန်တော်တို့ ဂိုးပြန်ပေးရခဲ့သင့်ပေမယ့် ခံစစ်ပိုင်း အတော်လေးကောင်းခဲ့ပြီး Clean Sheet ယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အသင်းကပိုကောင်းခဲ့ပြီး ပွဲကို စောစောစီးစီးဖြတ်နိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။