ဘောလုံးသမားဘ၀ ရှာဖွေစုဆောင်းခဲ့တဲ့ အရာအားလုံးနီးပါး ဆုံးရှုံးလိုက်ရတယ်လို့ ဖွင့်ဟလာတဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်
ဂန္ထဝင်ဘောလုံးသမားရော်ဘတ်တိုကားလို့စ်က သူ့ရဲ့ကစားသမားဘဝမှာ ရရှိခဲ့တဲ့ ဝင်ငွေအများစုကို ဆုံးရှုံးခဲ့ရတယ်လို့ ဖွင့်ဟပြောကြားပါတယ်။
ဘောလုံးသမားတွေက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဝင်ငွေအများအပြား ရရှိကြလို့ ဒေဝါလီခံရတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ အသက် ၁၈ နှစ်ပြီး မကြာခင်၊ သီတင်းတစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းကျော် ရရှိမယ့် ကစားသမားတစ်ဦးအတွက် ငွေကြေးတွေ မဝင်လာခင် ဘဏ္ဍာရေးဆိုင်ရာအသိပညာဗဟုသုတကို လေ့လာဆည်းပူးဖို့ အချိန်သိပ်မရပါဘူး။
ပုံမှန်အားဖြင့် ဘောလုံးသမားဘ၀သက်တမ်းက ရှစ်နှစ်မှ ၁၅ နှစ်ဝန်းကျင်လောက်သာ ကြာမြင့်တတ်ပြီး ပြင်းထန်တဲ့ဒဏ်ရာပြဿနာတစ်ခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ချက်ချင်းဆိုသလို အဆုံးသတ်သွားနိုင်ပါတယ်။ ဒါကြောင့် ကစားသမားတွေက သူတို့ရဲ့သုံးစွဲမှုအလေ့အထတွေကို မထိန်းညှိနိုင်ကြဘဲ ဝင်ငွေမရှိသလောက်နည်းပါးသွားချိန်မှာတောင် တစ်လအသုံးစရိတ် သန်းနဲ့ချီ ရှိနေတတ်ကြပါတယ်။
မော်တောကားတွေ၊ နာရီတွေ၊ အိမ်တွေ၊ အပေါင်းအပါတွေနဲ့အတူ ညဘက်အပျော်အပါးဖန်တီးမှုတွေ အားလုံးကြောင့် ငွေကြေးကုန်ကျမှုများပြားလေ့ရှိပြီး ကစားသမားကိုယ်တိုင် သတိမပြုဘူးဆိုရင် နာမည်အကြီးဆုံးကြယ်ပွင့်တွေတောင် သန်းကြွယ်သူဌေးဘ၀မှ ကုန်းကောက်စရာ ဘာမှမကျန်တဲ့အခြေအနေမျိုးအထိ ရောက်သွားနိုင်ပါတယ်။
မာရာဒိုနာ၊ ရော်နယ်ဒင်ဟို၊ ဒရန်သီနဲ့ ကာတန်ကိုးလ်တို့လို ထင်ရှားတဲ့ကစားသမားကြီးတွေမှာ အလားတူပြဿနာမျိုးတွေ ရှိခဲ့ကြပြီး အခုလည်း ရော်ဘတ်တိုကားလို့စ်က ငယ်ရွယ်စဉ်ကာလ၊ ကြီးမားတဲ့ငွေကြေးပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။
လစ္စဘွန်းမြို့မှာပြုလုပ်တဲ့ ပေါ်တူဂီဘောလုံးထိပ်သီးအစည်းအဝေးပွဲမှာ ကားလို့စ်က "ကျွန်တော့်ရဲ့ဘဏ်အကောင့်မှာရှိတဲ့ ပိုက်ဆံတွေအကုန်လုံး ရှင်းထုတ်သွားတဲ့လူတွေနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော် ဘောလုံးကစားပြီး ရှာဖွေခဲ့သမျှ ငွေကြေးရဲ့ ၉၉ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
"ကျွန်တော့်မှာ တကယ့်ကိုကြီးမားတဲ့ မိသားစုပြဿနာတစ်ခု ရှိခဲ့ပါတယ်။ ကြာသပတေးနေ့သန်းခေါင်ယံမှာ ကျွန်တော် အိပ်ရာဝင်ခဲ့ပြီး သောကြာနေ့ရောက်တော့ ကျွန်တော် ဘာမှန်းမသိတဲ့ စာရွက်စာတမ်း အထပ်လိုက်ကြီး ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကျမှ ကျွန်တော့်ရဲ့ဘဝတစ်ခုလုံးကို ဆုံးရှုံးလိုက်ရပြီဆိုတာ သိလိုက်ရတာပါ"
"ကျွန်တော်လည်း အမှားတွေ လုပ်ခဲ့မိပါတယ်။ ဒါကြောင့် နောက်မျိုးဆက်ကစားသမားလူငယ်တွေကိုလည်း ကျွန်တော့်လို အမှားမျိုး မလုပ်ကြဖို့ ပြောချင်ပါတယ်။ ကျွန်တော်က ကစားသမားဘဝပြီးနောက် အနာဂတ်အစီအစဉ်တွေအတွက် အမြဲတမ်း ကြိုတင်စဉ်းစားခဲ့ပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ကားလို့စ်က "ဒါက ကစားသမားတစ်ဦးအတွက် ကိုယ့်ရဲ့သမိုင်းကို တည်ဆောက်ရတာနဲ့ ကိုယ့်ရဲပုံရိပ်ကို အသုံးချတာတွေနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော် ဘောလုံးလောကမှအနားယူဖို့ ဆုံးဖြတ်လိုက်ချိန် အားကစားဒါရိုက်တာလိုင်စင် ရရှိထားပြီးဖြစ်သလို နာမည်ကြီးအမှတ်တံဆိပ်အများအပြားနဲ့လည်း လက်တွဲထားခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ကားလို့စ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘောလုံးသံတမန်အဖြစ် ဆောင်ရွက်နေသလို ဖီဖာ (FIFA) အတွက်လည်း လူငယ်ကြယ်ပွင့်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သံတမန်တစ်ဦးအဖြစ် တာဝန်ယူထားပါတယ်။ ဒါကြောင့် အသက် ၅၃ နှစ်အရွယ် ကားလို့စ်က ၂၀၁၂ ခုနှစ်၊ ဘောလုံးလောကမှအနားယူပြီး ၁၄ နှစ်ကြာချိန်အထိ အားလပ်ချိန်မရှိ၊ လုပ်ငန်းတွေနဲ့ အလုပ်များနေဆဲ ဖြစ်ပါတယ်။