
ယူနိုက်တက်အတွက် ဘာကြောင့်အမြဲတမ်းစိုးရိမ်နေသလဲဆိုတာ ရှင်းပြလာတဲ့ အာမိုရင်
သောကြာနေ့နံနက် ဆောက်သမ်တန်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းအတွက်ဘာကြောင့် အမြဲတမ်းစိုးရိမ်နေသလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးကို ၂-၂ ဆိုတဲ့ရလဒ်နဲ့ သရေကစားထားနိုင်ခဲ့သလို၊ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာလည်း အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူထားနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိနေပြီလို့ဆိုရမှာဖြစ်ပေမယ့် အာမိုရင်ကတော့ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားရဦးမယ်လို့ဆိုပါတယ်။
ပေါ်တူဂီသားနည်းပြက “ကျွန်တော်အမြဲတမ်း အသင်းအတွက်စိုးရိမ်နေပါတယ်။ ကျွန်တော်တို့ရဲ့ရလဒ်တွေနဲ့ ခြေစွမ်းမတည်ငြိမ်မှုတွေက ဆက်တိုက်ဖြစ်နေခဲ့တာပါ။ ကျွန်တော့်အလုပ်က စိုးရိမ်ရမယ့်အလုပ်ပါ။ အခု ဆောက်သမ်တန်နဲ့ပွဲစဉ်ကိုလည်း လီဗာပူးနဲ့ အာဆင်နယ်တို့ကို ကစားခဲ့သလိုပဲ အာရုံစိုက်ပြီးကစားသွားရပါမယ်။ ဒါက ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါပဲ။ ကျွန်တော်တို့အတွက်ခက်ခဲတဲ့ပွဲစဉ်တွေရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ ဘယ်ပွဲမဆို အနိုင်ရစေချင်ကြပါတယ်။ ကျွန်တော်တို့ကလည်း မဖြစ်မနေအနိုင်ရရမယ်ဆိုတဲ့ ဖိအားတွေကြောင့်ပဲ ပြောင်းလဲမှုတွေပြုလုပ်လာနိုင်ခ့တာပါ။ ကျွန်တော်တို့အနေနဲ့ အာဆင်နယ်နဲ့လီဗာပူးတို့ကို အနိုင်ရမယ်လို့ ဘယ်သူမှမျှော်လင့်ထားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အာဆင်နယ်ကိုအနိုင်ကစားပြီး ဖိအားတွေကို တုံ့ပြန်နိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မကြာသေးမီကာလတွေမှာ အပြုသဘောဆောင်တဲ့ရလဒ်တွေပုံဖော်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာသာ ရပ်တည်ထားနိုင်ဆဲဖြစ်ပါတယ်။ အာမိုရင်အနေနဲ့လည်း ယူနိုက်တက်အတွက် စုစုပေါင်း ၁၃ ပွဲကိုင်တွယ်ထားရာမှာ ၄ ပွဲသာ နိုင်ပွဲရရှိအောင်စွမ်းဆောင်ထားနိုင်တာဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ဘရိုက်တန်နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရိန်းဂျားနဲ့ကစားသွားရပါမယ်။