The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်ရာမှာ လီဗာပူးက ချဲလ်ဆီးထက် အသာရနိုင်ကြောင်းပြောကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်ရာမှာ လီဗာပူးက သူ့ရဲ့အသင်းထက် ပိုမိုအသာရနေတဲ့ အားသားချက်တစ်ခုရှိနေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ မာရက်စ်ကာက ပြီးခဲ့တဲ့ရာသီ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ လီဗာပူးက ချဲလ်ဆီးကို အနိုင်ရခဲ့တာကြောင့် လီဗာပူးကစားသမားတွေရဲ့ ဗိုလ်လုပွဲအတွေ့အကြုံဟာ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ချဲလ်ဆီးထက် ပိုမိုကောင်းမွန်နေတယ်လို့ ထောက်ပြလာခဲ့တာဖြစ်ပါတယ်။ 

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးဟာ ထိပ်ဆုံးကလီဗာပူးနဲ့ ရမှတ် ၄ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်ထားတာဖြစ်ပြီး ချန်ပီယံဖလားကိုစိန်ခေါ်နိုင်ဖို့ ဖြစ်နိုင်ချေအရှိဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ သို့သော်လည်း မာရက်စ်ကာကတော့ “ကျွန်တော်တို့ အခုချိန် ဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပေမယ့် ဒီနေရာကို ပွဲစဉ် ၄-၅ ပွဲအပြီးမှာ ရောက်လာခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် အခုအခြေအနေကလည်း အမြဲတမ်းဖြစ်နေမယ်လို့မထင်ပါဘူး”

“ကျွန်တော်တို့မှာနောက်ထပ် ၁၇ ပွဲတောင်ကစားဖို့ ကျန်နေပါသေးတယ်။ ဒါကြောင့် ဘာတွေဖြစ်လာဦးမလဲ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် သေချာတာကတော့ လီဗာပူးက ရာသီအစမှာကတည်းက အရမ်းကောင်းတဲ့ ခြေစွမ်းကို တောက်လျှောက်ထိန်းသိမ်းလာနိုင်ခဲ့ပါတယ်။ ဒီအသင်းက အခုလိုအခြေအနေမျိုးနဲ့အမြဲတမ်း ထိတွေ့နေခဲ့တာပါ။ ဆုဖလားတွေအမြဲတမ်းရနေတာကလည်း အရေးပါတဲ့အချက်ပါပဲ”

“ပြီးခဲ့တဲ့နှစ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကျွန်တော်ပြောခဲ့ဖူးတာရှိပါတယ်။ အဲဒါကတော့ လီဗာပူးကစားသမားတွေမှာ ချဲလ်ဆီးကစားသမားတွေက ဗိုလ်လုပွဲအတွေ့အကြုံပိုရှိနေတယ်ဆိုတာပါပဲ။ ဒါကြောင့်ပဲ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ လီဗာပူးက အနိုင်ရခဲ့တာပါ။ ဒါက ကြီးမားတဲ့ ကွာခြားမှုတစ်ခုပါ” 

“အချိန်ကြာလာတာနဲ့အမျှ ဒီအတွေ့အကြုံတွေက စကားပြောသွားနိုင်တယ်ဆိုပေမယ့် လောလောဆယ်မှာတော့ ကျွန်တော်တို့ကလည်း လက်ရှိအခြေအနေကို ကျေနပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မန်စီးတီးကလည်း လက်ရှိအချိန်မှာ ဆိုးဝါးတဲ့အခိုက်အတန့်တွေနဲ့တွေ့ကြုံနေရတယ်ဆိုပေမယ့် အချိန်တန်ရင် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းထဲကို ပြန်လည်ဝင်ရောက်လာမယ်လို့ ယုံကြည်ကြောင်းကို မာရက်စ်ကာက “အဆုံးမှာတော့ မန်စီးတီးက ချန်ပီယံလမ်းကြောင်းပေါ် ပြန်ရောက်လာဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးက ဒီအသင်းမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး။ သူတို့က ပွဲစဉ်တိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ အခုချိန် သူတို့မှာ ကစားသမား အလုံအလောက်မရှိပါဘူး။ ဒဏ်ရာပြဿနာကနေ ပြန်လာနိုင်တဲ့ အချို့ကစားသမားတွေကလည်း ၁၀၀ ရာခိုင်နှုန်းကြံ့ခိုင်မှုမရှိပါဘူး။ အရမ်းခက်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ပြောကြားခဲ့ပါတယ်။