စည်းမျဉ်းစည်းကမ်းတွေအပါ် လေးစားမှုမှုရှိဖို့ ဘာစီလိုနာကို အန်ဆယ်လော့တီ သတိပေး
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ကစားသမား ဒန်နီအိုလ်မိုကို ကစားသမားမှတ်ပုံတင်ခြင်းနဲ့ပတ်သက်ပြီး လာလီဂါထံတောင်းဆိုမှုတွေပြုလုပ်နေတဲ့ ဘာစီလိုနာအား စည်းမျဉ်းစည်းကမ်းတွေအပေါ် လေးစားမှုရှိဖို့ သတိပေးစကားဆိုလာခဲ့ပါတယ်။
ဘာစီလိုနာဟာ အသင်းရဲ့ကစားသမား ၂ ဦးဖြစ်တဲ့ အိုလ်မိုနဲ့ ပေါဗစ်တာတို့ကို ဒုတိယရာသီဝက်အတွက် မှတ်ပုံတင်စာရင်းပြုလုပ်ဖို့ စပိန်ဘောလုံးအဖွဲ့ချုပ်ထံ လျှောက်ထားခဲ့ပေမယ့် ဘဏ္ဍာရေးဆိုင်ရာအာမခံချက်ရှိနေကြောင်း သက်သေမပြနိုင်ခဲ့တာကြောင့် ပယ်ချထားခံထားရပါတယ်။
လက်ရှိအချိန်မှာတော့ လာလီဂါဟာ အဆိုပါကစားသမား ၂ ဦးကို လိဂ်ရဲ့တရားဝင်ဝက်ဘ်ဆိုက်ကနေ ဖယ်ထုတ်ထားပြီး တောင်းဆိုမှုကို လွယ်လွယ်ကူကူလိုက်လျောမှာမဟုတ်ကြောင်း ခိုင်မာတဲ့ရပ်တည်ချက်ကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ ပြဿနာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မေးမြန်းမှုပြုလုပ်ခဲ့ရာ အန်ဆယ်လော့တီက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အသေးစိတ်အချက်အလက်တွေကို မသိရပါဘူး။ ဒါပေမယ့် ကျွန်တော်ပြောချင်တာကတော့ ကလပ်တွေအားလုံး စည်မျဉ်းစည်းကမ်းတွေအပေါ်မှာ လေးစားမှုရှိရမယ်ဆိုတာပါပဲ။ အသေးစိတ်မသိရတော့ ဘာတွေဖြစ်နေလဲ ကျွန်တော်လည်းမပြောတတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာရဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများနဲ့ပတ်သက်ပြီး ကာလအတန်ကြာ အငြင်းအခုံကိစ္စတွေဖြစ်ပေါ်ခဲ့သလို ယခုကိစ္စမှာလည်း ပြိုင်ဘက်လာလီဂါအသင်းတွေအကြား တင်းမာမှုတွေမြင့်တက်နေတယ်လိုသိရပါတယ်။ သတင်းတွေအရ ဆီဗီလာ၊ အက်သလက်တီကိုမက်ဒရစ်နဲ့ ဘီလ်ဘာအိုတို့ကလည်း အခုကစားသမားမှတ်ပုံတင်ကိစ္စနဲ့ပတ်သက်ပြီး ဘာစီလိုနာကို စည်းမျဉ်းစည်းကမ်းတင်းတင်းကျပ်ကျပ်လိုက်နာစေဖို့ လာလီဂါဥက္ကဌထံ တောင်းဆိုမှုတွေပြုလုပ်ထားတယ်လို့လည်းသိရပါတယ်။
ကလပ်တွေရဲ့တောင်းဆိုချက်များထဲမှာ ဘဏ္ဍာရေးဆိုင်ရာသဘောတူညီချက်တွေကို စေ့စေ့စပ်စပ်ပြန်လည်သုံးသပ်ဖို့ပါဝင်သလို မှတ်ပုံတင်ခြင်းကို အလွယ်တကူအတည်ပြုလိုက်ပါက လာလီဂါကို ဥပဒေကြောင်းအရ အရေးယူဖို့လည်းရည်ရွယ်ထားကြတာဖြစ်ပါတယ်။
လာမယ့်ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဗလန်စီယာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။