ကိုလံဘီယာက ပါရာဂွေးကို အနိုင်ရခဲ့ပြီး ဘရာဇီးက ကော်စတာရီကာနဲ့ အံ့အားသင့်ဖွယ်သရေကျခဲ့တဲ့ ကိုပါအမေရိက အုပ်စုအဆင့်ပွဲစဉ်များ
ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအမေရိက အုပ်စုအဆင့်ပွဲစဉ်တွေမှာ ကိုလံဘီယာက ပါရာဂွေးကို ၂-၁ နဲ့ အနိုင်ရရှိပြီး အဖွင့်လှသွားခဲ့ပေမယ့် နာမည်ကြီး ဘရာဇီးကတော့ ကော်စတာရီကာကို ဂိုးမသွင်းနိုင်ခဲ့တာကြောင့် သရေ ရလဒ်ကိုသာ အံ့အားသင့်ဖွယ်ရရှိခဲ့ပါတယ်။
နာမည်ကြီးစူပါစတားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘရာဇီးဟာ ကော်စတာရီကာလို အသင်းလေးကို သေချာပေါက်အနိုင်ကန်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ပွဲအစကတည်းက ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတာကြောင့် ပွဲအစ မိနစ် ၂၀ အတွင်းမှာ ထိုးဖောက်မှုအနည်းငယ်သာပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၃၀ အကြာမှာတော့ ဘရာဇီးက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR နဲ့ပြန်လည်စစ်ဆေးရာမှာ လူကျွံနေခဲ့တာကြောင့် ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။
ကော်စတာရီကာကတော့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ပေမယ့် ဘရာဇီးရဲ့တိုက်စစ်ကိုတော့ အမိအရ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘရာဇီးက အခွင့်အရေးတွေ ပိုမိုရလာခဲ့ပေမယ့် ကော်စတာရီကာရဲ့ နောက်တန်းက အမှားအယွင်းမရှိခဲ့သလို ဂိုးသမားကလည်း လက်စွမ်းပြသနိုင်ခဲ့တာကြောင့် အဖိုးတန် သရေ ၁ မှတ်ကို ညီတူမျှတူခွဲဝေယူနိုင်ခဲ့တာဖြစ်ပါတယ်။
အုပ်စုအတွင်းနောက်ထပ်ပွဲစဉ်မှာတော့ ကိုလံဘီယာက ပါရာဂွေးကို ပထမပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာကြောင့် အဖွင့်လှသွားခဲ့ပါတယ်။ ပွဲစတာနဲ့ ကိုလံဘီယာဟာ ပါရာဂွေးနောက်တန်းကို တရစပ်ထိုးဖောက်ခဲ့ပြီး ဖိအားပေးထားနိုင်ခဲ့ပါတယ်။ ထို့နောက် ပွဲကစားချိန် ၃၂ မိနစ်မှာတော့ ကိုလံဘီယာတို့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး နောက်ခံလူ မူနို့ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမှာလည်း ကိုလံဘီယာက ဆက်လက်တိုက်စစ်ဆင်ခဲ့လို့ ဒုတိယဂိုးဆက်လက်ရရှိခဲ့ပြီး ပထမပိုင်းပြီးကာနီး ပွဲကစားချိန် ၄၂ မှာ တိုက်စစ်မှူး လာမာက သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပါရာဂွေးက ချေပဂိုးအတွက် ပြန်လည်တိုက်စစ်ဆင်ကစားခဲ့ပြီး အခွင့်အရေးတွေလည်းဖန်တီးနိုင်ခဲ့တာကြောင့် ပွဲကစားချိန် ၆၉ မိနစ်မှာ ဘယ်တောင်ပံကစားသမား အန်စီဆိုက ချေပဂိုး ၁ ဂိုးပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၈၄ မိနစ်မှာ ကိုလံဘီယာတို့ ပင်နယ်တီပြစ်ဒဏ်ဘောရခဲ့ပေမယ့် VAR နဲ့ပြန်လည်စစ်ဆေးပြီးနောက်မှာတော့ ဒိုင်လူကြီးက ပင်နယ်တီမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့လို့ တတိယဂိုးနဲ့ ဝေးကွာခဲ့ပါတယ်။ ပင်နယ်တီပြစ်ဒဏ်ဘောခွင့်မပြုခဲ့ရသော်လည်း ပါရာဂွေးက နောက်ပိုင်းမှာ ရရှိလာတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ အုပ်စုပွဲစဉ်အစမှာ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။