The network connection is lost.

Banner Image

ဘရူနိုဖာနန်ဒက်စ်ပွဲပယ်ခံထားရချိန် အသင်းခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ဖွယ်ရှိတဲ့ မက်ဂွါရီ

ရူဘင်အာမိုရင်က ဟယ်ရီမက်ဂွါရီဟာ စံနမူနာယူစရာကစားသမားကောင်းတစ်ဦးဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ် ပွဲပယ်ခံထားရချိန် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်တာဝန်ကို ရယူသွားနိုင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလတွေတုန်းက ယူနိုက်တက်ကပ္ပတိန်ဖြစ်လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ဝုဗ်နဲ့ပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ်ထိခဲ့လို့ နယူးကာဆယ်နဲ့ပွဲစဉ်ကို သေချာပေါက်လွဲချော်သွားပါလိမ့်မယ်။ နောက်ခံလူမက်ဂွါရီရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ဝေဖန်မှုများစွာ ရှိနေပမယ့် နည်းပြအာမိုရင်ကတော့ အသက်-၃၁ နှစ်အရွယ်ကစားသမားကို ကာကွယ်ပေးခဲ့ပြီး လာမယ့်ပွဲစဉ်အတွက် အသင်းကပ္ပတိန်တာဝန် ရယူသွားနိုင်တယ်လို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အာမိုရင်က “အသင်းခေါင်းဆောင် ဘယ်သူဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။ မက်ဂွါရီကတော့ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်။ ဘယ်သူတွေ ဘာပဲပြောနေပါစေ၊ သူက အလုပ်ကို အာရုံစိုက်နေခဲ့ပါတယ်။ သူ့အတွက် ခက်ခဲတဲ့အခိုက်အတန့်တွေ ရှိခဲ့ရင်တောင် ဆင်ခြေပေးမယ့်လူမျိုး မဟုတ်ပါဘူး။ အဲ့ဒီအပိုင်းမှာတော့ မက်ဂွါရီက စံနမူနာယူစရာတစ်ခုပါပဲ။ သူက အသင်းကိုကူညီပေးဖို့ ဒီနေရာမှာရှိနေသလို ဒီလိုလုပ်ဆောင်နိုင်ဖို့လည်း ကြိုးစားနေပါတယ်”လို့ ပြောပါတယ်။

အာမိုရင်က နိုဝင်ဘာလအတွင်း ယူနိုက်တက်အသင်းကို စတင်တာဝန်ယူချိန်ကတည်းက မက်ဂွါရီကို သူ့အသင်းရဲ့ခံစစ်ပိုင်းအတွက် ပြီးပြည့်စုံတဲ့ကစားသမားအဖြစ် ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာ အနိုင်ရရှိမှုနဲ့အတူ ပုံစံကောင်းပြန်ရှာဖွေဖို့ အသည်းအသန်ကြိုးစားနေတဲ့ အမှတ်ပေးဇယားအဆင့်-၁၄ နေရာရှိ သရဲနီတွေအတွက် လက်စတာကစားသမားဟောင်းဆီမှ အရမ်းကောင်းမွန်တဲ့ခြေစွမ်းကို အာမိုရင် လိုအပ်နေပါလိမ့်မယ်။
ယူနိုက်တက်က လာမယ့်တနင်္လာည၊ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ပုံစံကောင်းရနေတဲ့နယူးကာဆယ်ကို ဧည့်ခံသွားရပါမယ်။