ဖလက်ချာနဲ့ အီဗန်စ်တို့ကို အသင်းမှာနေရာပေးခဲ့တဲ့ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်အပေါ် ရွိုင်ကိန်း ဝေဖန်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ရွိုင်ကိန်းက ဒါရင်းဖလက်ချာနဲ့ ဂျွန်နီအီဗန်စ်တို့လို နည်းပြတွေကို အိုးလ်ထရက်ဖို့ဒ်မှာ နေရာပေးခဲ့တဲ့ အသင်းရဲ့ဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ ယူနိုက်တက်ဟာ အာမိုရင်ကိုရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် အသင်းရဲ့ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ မစ်ဒယ်ဘရော့နည်းပြဟောင်း ကာရစ်ဟာ နည်းပြရာထူးကိုရရှိပြီးနောက် အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အီဗန်စ်ကိုလည်း နည်းပြအဖွဲ့ထဲသို့ ခေါ်ယူခဲ့ပါတယ်။
အီဗန်စ်ဟာ ယူနိုက်တက်ရဲ့ အငှားချကစားသမားစောင့်ကြည့်ရေးနည်းပြရာထူးမှ ထွက်ခွာသွားခဲ့တာ ၁ လမပြည့်မီမှာပဲ အသင်းသို့ တကျော့ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကာရစ်မတိုင်မီမှာ ယူနိုက်တက်ဟာ ဖလက်ချာကို နည်းပြအဖြစ် ၂ ပွဲကိုင်တွယ်စေခဲ့ပြီး စကော့တန်လန်သားရဲ့ဦးဆောင်မှုအောက်မှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ကိုသာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ ရွိုင်ကိန်းက ယူနိုက်တက်အနေနဲ့ အသင်းရဲ့ကစားသမားဟောင်းတွေကိုသာ အမြဲတမ်းပြန်လည်အားကိုးနေရကြောင်း ဝေဖန်မှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ကိန်းက "မန်ချက်စတာယူနိုက်တက်ရဲ့ ပထမနည်းပြအဖွဲ့ဝင်ဖြစ်လာဖို့ အီဗန်စ်က ဘာတွေများလုပ်ပြထားနိုင်လို့လဲ"
"သူ အငှားချနည်းပြရာထူးကနေထွက်သွားတာ ၄-၅ ပတ်ပဲရှိပါသေးတယ်။ အဲဒါကို ဖလက်ချာက သူ့ကိုပြန်ခေါ်ခဲ့ပါတယ်။ ဒါက တကယ်ထူးဆန်းပါတယ်။ ဖလက်ချာက ၂ ပွဲကိုင်ပြီး ကာရစ်ရောက်လာတော့လည်း အီဗန်စ်ကို အလုပ်ထပ်ပေးပါတယ်။ ဒါကတော့ ပိုပြီးတော့ထူးဆန်းသွားပါပြီ"
"အီဗန်စ်က လွန်ခဲ့တဲ့ ၄ ပတ်ကမှ အလုပ်ကနေထွက်သွားခဲ့တာဖြစ်ပြီး အခုတော့ ပထမအသင်းကို ရောက်လာပါပြီ။ ဒါက သူ့အတွက်တော့ အများကြီးတိုးတက်လာတယ်လို့ပြောရမှာပေါ့။ ပြီးတော့ ဖလက်ချာကို ယာယီခန့်အပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကလည်း ပြောစရာရှိပါသေးတယ်။ ဖလက်ချာက အသင်းအကြောင်းကိုသိတယ်၊ အကယ်ဒီမှာလုပ်ခဲ့ဖူးတယ်၊ ထမင်းစားဆောင်ကအမျိုးသမီးတွေကိုတောင် သိရင်သိနေဦးမှာပါ။ ဒါပေမယ့် သူက မနက်ခင်းမှာ ဘယ်ခြေအိတ်ဝတ်ရမလဲဆိုတာကိုတောင် ဖာဂူဆန်ဆီ ဖုန်းလှမ်းဆက်ပြီးမေးတတ်တဲ့သူပါ။ သူကိုင်ခဲ့တဲ့ ၂ ပွဲမှာရော၊ ဘယ်လိုရလဒ်တွေထွက်လာခဲ့သလဲ အားလုံးအမြင်ပါပဲ" လို့လှောင်ပြောင်ဝေဖန်ခဲ့ပါတယ်။