The network connection is lost.

Banner Image

ရိုင်ယန်ဟော့ဆန်ဖျားနာခဲ့တာကြောင့် သတင်းစာရှင်းပွဲကို ဖျက်သိမ်းခဲ့ရ

ခရစ္စတယ်ပဲလေ့စ်နည်းပြ ရိုင်ယန်ဟော့ဆန်တစ်ယောက် အထုတ်ခံရမယ့်သတင်းတွေနဲ့အတူ ဖျားနာခဲ့တာကြောင့် သတင်းစာရှင်းပွဲကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၇၆ နှစ်သားဟာ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို ရောက်ခဲ့ပြီး သတင်းစာရှင်းပွဲစီစဉ်ခဲ့ပေမယ့် ဖျားနာခဲ့တာကြောင့် ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

“ကံမကောင်းစွာနဲ့ပဲ ဒီနေ့သတင်းစာရှင်းပွဲကို ဟော့ဆန်တစ်ယောက် ဖျားနာနေခဲ့တာကြောင့် ပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်း အစီအစဉ်အတွင်း ဖျားနာခဲ့တာဖြစ်ပြီး အခုတော့ သူ့အခြေအနေက တည်ငြိမ်နေပါပြီ။ ဆေးရုံမှာ အခုလက်ရှိလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေဆဲပါ။ အသင်းမှာရှိတဲ့လူတိုင်းကလည်း ရိုင်ယန်အဆင်ပြေအောင် ဆုတောင်းပေးနေကြပါတယ်”လို့ ပဲလေ့စ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါသတင်းထွက်ပေါ်လာမှုနဲ့အတူ နည်းပြ ဟော့ဆန်တစ်ယောက် အဲဗာတန်နဲ့ပွဲကို ကိုင်တွယ်နိုင်မှာမဟုတ်ပဲ သူ့နေရာကို ဖရန့်ဖတ်နည်းပြဟောင်း အိုလီဗာက ချက်ချင်းအစားထိုးမှာဖြစ်ပါတယ်။ သတင်းစာရှင်းပွဲ ဖျက်သိမ်းမှုနဲ့အတူ ပဲလေ့စ်နည်းပြ ရာထူးကနေ အထုတ်ခံရမယ်ဆိုတဲ့သတင်းတွေကလည်း ကျယ်လောင်နေပါတယ်။

ကြာသပတေးနေ့က ဆွေးနွေးမှုတွေတိုးတက်လာခဲ့ပြီးနောက် အိုလီဗာက ပဲလေ့စ်အသင်းကို တာဝန်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေက ဆိုပါတယ်။ ပဲလေ့စ်အမှုဆောင် စတိဗ်ကလည်း ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၄ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် ဟော့ဆန်နေရာမှာ အစားထိုးဖို့ စဉ်းစားလာခဲ့ပါတယ်။

အိုလီဗာဟာ ဖရန့်ဖတ်ကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး မထွက်ခွာခင်မှာ ဖရန့်ဖတ်အသင်းကို ယူရိုပါလိဂ်ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အိုလီဗာရောက်လာမှုနဲ့အတူ အသင်းရဲ့ရလဒ်ကော စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲသွားဖွယ်ရှိနေပါတယ်။

သြစတြီးသားဟာ ပဲလေ့စ်အသင်းမှာ တစ်ရာသီ ၄.၅ သန်း ရရှိဖွယ်ရှိနေပြီး နည်းပြအဖွဲ့ထဲ မစ်ဒယ်ဘရော့ နောက်ခံလူဟောင်း အီမန်နျူရယ်ကို ခေါ်ယူဖွယ်ရှိနေပါတယ်။ ဟော့ဆန်ကတော့ ပြီးခဲ့တဲ့မတ်လတုန်းက ဗီအဲရာနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပြီး အသင်းကို ကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေများနေမှုနဲ့အတူ အခုချိန်မှာ အဆင့် ၁၈ နေရာက အဲဗာတန်နဲ့ ၅ မှတ် အကွာအနေအထားကို ရောက်လာခဲ့သလို ဆိုးဝါးတဲ့ဂိုးကွာခြားချက် ၊ ခံစစ်ကစားဟန် နဲ့ ကစားကွက်ပိုင်းတွေကလည်း ဝေဖန်ခံနေရပါတယ်။