ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်ချင်ကြောင်း ဝန်ခံပြောကြားလာတဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက သူ့အနေနဲ့ လက်ကျန်ရာသီမှာ အသင်းအတွက် လိုအပ်တဲ့အကူအညီတွေပေးလိုတာကြောင့် နည်းပြအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းမှုပြုလုပ်လာပါက လက်ခံဖို့အဆင်သင့်ရှိနေကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ နည်းပြရူဘင်အာမိုရင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ယာယီနည်းပြ ဒါရင်းဖလက်ချာကို အစားထိုးခန့်အပ်ခဲ့ပေမယ့် စကော့တလန်သားလက်အောက်မှာ နိုင်ပွဲမရခဲ့တာကြောင့် ယခုအခါမှာ နည်းပြတွေအဖြစ်ရပ်တည်နေကြတဲ့ ကလပ်ကြယ်ပွင့်ဟောင်း အိုလီဂန်ဆိုးလ်ရှားနဲ့ မိုက်ကယ်ကာရစ်တို့ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ရွေးချယ်နေဆဲဖြစ်ပါတယ်။
ယခုအခါမှာ ရွန်းနီက "ကျွန်တော်အပါအဝင် မိုက်ကယ်ပဲဖြစ်ဖြစ်၊ ဖလက်ချာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဂျွန်အိုရှေးပဲဖြစ်ဖြစ် ယူနိုက်တက်ကို ကိုင်တွယ်တဲ့နေရာမှာ ပြဿနာမရှိပါဘူး။ အရေးကြီးတာက ဒီအသင်းအကြောင်းကို ကောင်းကောင်းသိနေဖို့ပါပဲ။ ရွိုင်ကိန်းဆိုရင်လည်း ကိုယ်ပိုင်အမြင်တွေရှိတာ ကျွန်တော်သိပါတယ်။ ဒီအသင်းအကြောင်းကိုသိတဲ့သူ၊ အသင်းကိုချစ်မြတ်နိုးတဲ့သူ မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာ နားလည်တဲ့သူတွေ ရှိနေဖို့က အသင်းအတွက် အလိုအပ်ဆုံးအရာပါပဲ"
"လောလောဆယ်မှာ ယူနိုက်တက်က အသင်းရဲ့မူလပုံစံပျောက်ဆုံးနေသလို၊ မိသားစုဆန်တဲ့စိတ်ဓာတ်မျိုးလည်း မရှိတော့ပါဘူး။ အခု အိုလီဂန်နာဆိုးလ်ရှား ဒါမှမဟုတ် ကာရစ်ပြန်လာမယ်ဆိုတာက အသင်းရဲ့စိတ်ဓာတ်ပိုင်းကို ပြန်လည်ပြုပြင်ဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ' လို့ပြောကြားခဲ့ပါတယ်။
သူ့အနေနဲ့ ယူနိုက်တက်နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အစီအစဉ်ရှိမရှိမေးမြန်းခဲ့ရာမှာ ရွန်းနီက “သေချာပေါက် ပါဝင်မှာပေါ့။ ဒါက စဉ်းစားနေစရာတောင် မလိုတဲ့ကိစ္စပါ။ ကျွန်တော်က အခု တောင်းဆိုနေတာမျိုးတော့ မဟုတ်ပါဘူး၊ အားလုံးသိအောင် ပြောပြတာပါ။ တကယ်လို့ ကျွန်တော့်ကို လာကူညီဖို့ ကမ်းလှမ်းခဲ့ရင် သေချာပေါက် သွားမှာပါ။ ဒါပေမဲ့ လောလောဆယ်မှာ နည်းပြသစ်ကို ခန့်အပ်ဖို့ကတော့ အရေးကြီးဆုံးကိစ္စပါပဲ” လို့ဖြေကြားခဲ့ပါတယ်။