The network connection is lost.
အယ်လ်နာဆာ စူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုက အယ်လ်ရှာဘက်နဲ့ပွဲစဉ်မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့မဖွယ်မရာအပြုအမူနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးခဲ့ပေမယ့် ကစားသမားဟာ အနည်းဆုံး ၂ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေချမှတ်ခံရဖို့ရှိနေပါတယ်။ ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အသက်-၃၉ နှစ်အရွယ် ကစားသမားဟာ မက်ဆီရဲ့နာမည်ကို ကြွေးကြော်နေကြတဲ့ အယ်လ်ရှာဘတ်ပရိသတ်တွေဘက်ကို မဖွယ်မရာအမူအရာ ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့လုပ်ရပ်ဟာ ဘာသာရေးယုံကြည်မှုလွန်ကဲတဲ့ ဆော်ဒီအာရေဗျလိုနိုင်ငံမှာတော့ ဆိုးဝါးတဲ့အကျင့်ပျက်အမူအရာလို ယူဆခံထားရတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ၂၅ ပွဲကစားပြီး ၃၄ ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် သူ့ရဲ့ကောင်းမွန်တဲ့ စွမ်းဆောင်ရည်က လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်းရှိပုံမရပါဘူး။
ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်ကနေ အယ်လ်နာဆာကို ရောက်ရှိလာခဲ့ပြီးကတည်းက ဆော်ဒီဘောလုံးလောကရဲ့အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အမူအရာနဲ့ပတ်သက်ပြီးရော်နယ်ဒိုက “ကျွန်တော် ကလပ်အသင်းအားလုံးကို လေးစားပါတယ်။ ပွဲအပြီးမှာ ဒီလိုအောင်ပွဲခံတဲ့ အမူအရာတွေက ပျော်ရွှင်မှုနဲ့ လှုံ့ဆော်မှုအတွက်ပါ။ ရှက်စရာမဟုတ်ပါဘူး။ ဥရောပမှာ ဒီလိုမျိုး လုပ်နေကျပါ” လို့ ဖြေရှင်းခဲ့ပါတယ်။
ယခုအခါမှာတော့ ပေါ်တူဂီသားဟာ အနည်းဆုံး ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ချေရှိပြီး ဒဏ်ငွေပါပေးဆောင်ရဖို့အလားအလာရှိနေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဆော်ဒီပရိုလိဂ်ရဲ့ ကျင့်ဝတ်နဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ဆုံးဖြတ်ချက်ကို လိုက်နာသွားရမှာဖြစ်ပါတယ်။
တကယ်လို့ ရော်နယ်ဒိုသာ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရမယ်ဆိုရင် အယ်လ်ဟက်ဇမ်း အယ်လ်ရိတ်တို့နဲ့ပွဲစဉ်တွေကို လွဲချော်သွားမှာဖြစ်ပြီး ချန်ပီယံဆုအတွက် အမှတ်စုဆောင်းဖို့လိုအပ်နေတဲ့ အယ်လ်နာဆာအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း ကစားသမားဟာ အရေးပါတဲ့ပွဲစဉ်အဖြစ် အယ်လ်ဟီလယ်နဲ့ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာနိုင်မှာဖြစ်ပါတယ်။