The network connection is lost.

Banner Image

မိုဒရစ်နဲ့တွေ့ဆုံချိန် ဘာတွေပြောခဲ့သလဲ ဖွင့်ဟလာတဲ့ ဗီတင်ဟာ

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ခြေပြတ်ဂိုးပြတ် အနိုင်ယူပြီးနောက် ပီအက်စ်ဂျီကွင်းလယ်လူ ဗီတင်ဟာက လူကာမိုဒရစ်နဲ့တွေ့ဆုံချိန်မှာ ဘာတွေပြောခဲ့သလိုဆိုတာ ဖွင့်ဟလာခဲ့ပါတယ်။ 

ရီးရဲလ်ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းနဲ့လမ်းခွဲဖို့ သဘောတူညီထားသူဖြစ်ပြီး ယခုအခါမှာတော့ ရီးရဲလ်ဟာပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ပြီဖြစ်လို့ မိုဒရစ်အနေနဲ့လည်း ပရိသတ်တွေကို နှုတ်ဆက်သွားရတော့မှာဖြစ်ပါတယ်။ 

မိုဒရစ်ဟာ လက်ရှိဘောလုံးမျိုးဆက်ရဲ့ အကောင်းဆုံးသောကွင်းလယ်လူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပေမယ့် ယခုနွေရာသီအတွင်းမှာတော့ ခရိုအေးရှားလက်ရွေးစင်က ဗီတင်ဟာဟာ ယခုလက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးကွင်းလယ်လူဖြစ်တယ်လို့ ချီးကျူးပြောဆိုထားတာဖြစ်ပါတယ်။ 
မိုဒရစ်နဲ့ထိပ်တိုက်တွေ့ဆုံပြီးနောက် ပွဲအပြီးမှာ ဗီတင်ဟာက "ကျွန်တော့်ကိုချီးကျူးခဲ့လို့ သူ့ကိုကျေးဇူးတင်တဲ့အကြောင်း ကျွန်တော်ပြောခဲ့ပါတယ်။ သူနဲ့အတူ ကွင်းတစ်ကွင်းထဲမှာ အတူတူကစားခွင့်ရတာ ဂုဏ်ယူစရာပါ။ မိုဒရစ်က စံနမူနာယူထိုက်သူတစ်ယောက်လည်းဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုနွေရာသီအတွင်း ဗီတင်ဟာနဲ့ပတ်သက်ပြီး မိုဒရစ်က "ဗီတင်ဟာမှာ အရမ်းကောင်းတဲ့ရာသီတစ်ခုပိုင်ဆိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီကိုပိုကောင်းအောင်လုပ်ပေးနေတာ သူပါ။ ကျွန်တော့်အမြင်မှာတော့ သူက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူမဟုတ်ရင်တောင် အကောင်းဆုံးစာရင်းထဲမှာ ထိပ်ပိုင်းကနေပါဝင်နေတယ်လို့ ပြောရပါမယ်။ ဘောလုံးကိုင်ထားတဲ့အချိန်မှာ သူ့ရဲ့စွမ်းဆောင်ရည်က အံ့မခန်းဖြစ်ပြီး ဘောလုံးအမြင်လည်းကောင်းကောင်းရှိတဲ့ ကစားသမားပါ" လို့ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုကလည်း မိုဒရစ်ကို အမြဲတမ်းသတိရနေမယ့်အကြောင်း "ရီးရဲလ်မှာ မိုဒရစ်လုပ်ပြခဲ့တာတွေက အံ့မခန်းပါပဲ။ သူ့ကို အဲဒီအတွက် အမြဲတမ်းသတိရနေကြမှာပါ။ သူက အသင်းရဲ့ ဂန္ထဝင်တစ်ယောက်ပါ။ အခုလိုခဏတာလက်တွဲခွင့်ရခဲ့လို့လည်း ဝမ်းသာမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

မိုဒရစ်ကလည်း အသင်းမှထွက်ခွာတော့မယ့်အကြောင်း အသင်းရဲ့ပရိတ်တွေကို အင်စတာဂရမ်မှတစ်ဆင့် နှုတ်ဆက်စကားပြောကြားထားခဲ့ပါတယ်။ ပီအက်စ်ဂျီကတော့ ယခုနိုင်ပွဲကြောင့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးနဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ဆုဖလားတစ်လုံး ထပ်မံဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။