
တီကိုက ချိတ်ဆက်နေချိန်မှာပဲ အနာဂတ်အကြောင်းပြောကြားလာတဲ့ ရိုမဲရိုး
တော့တင်ဟမ်နောက်ခံလူ ရိုမဲရိုးက နွေရသီမှာ တီကိုအသင်းကခေါ်ယူဖို့ ချိတ်ဆက်နေချိန်မှာပဲ အနာဂတ်လာလီဂါမှာကန်ချင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ တီကိုအသင်းဟာ တော့တင်ဟမ်နောက်ခံလူကို အခုနွေရာသီမှာခေါ်ယူဖို့ ချိတ်ဆက်နေပြီး ကစားသမားကိုယ်တိုင်က အခုရာသီအကုန်မှာ အသင်းကနေထွက်ခွာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားထားခဲ့တာဖြစ်ပါတယ်။
အဆိုပါအခြေအနေမှာပဲ ရိုမဲရိုးရဲ့ဖြေကြားချက်က အပြောင်းအရွှေ့အတွက် သတင်းတွေပိုကျယ်လောင်စေခဲ့တာဖြစ်ပါတယ်။ ရိုမဲရိုးဟာ အီတလီမြေကိုမပြောင်းခင် အာဂျင်တီးနားကလပ် ဘယ်လ်ဂရာနိုအသင်းမှာကန်ခဲ့တာဖြစ်ပြီး အဲ့နောက် ဂျီနိုအာ ၊ ဂျူဗင်တပ်စ် နဲ့ အတ္တလန္တာတို့မှာကန်ခဲ့ပါတယ်။ ၂၀၂၁ မှာ တော့တင်ဟမ်အသင်းထံပြောင်းရွှေ့ခဲ့ပြီး သတင်းထောက် ဂတ်စ်တွန်နဲ့အင်တာဗျူးမှာ အာဂျင်တိုင်းသားက “ကျွန်တော် လာလီဂါမှာကစားချင်ပါတယ်။ အဲ့မှာကစားရတာကိုလည်း ကြိုက်ပါတယ်။ သူတို့ပွဲတော်တော်များများကို ကြည့်ဖြစ်ပါတယ်။ စပိန်မြေမှာကန်နေတဲ့အသင်းဖော်အများကြီးရှိပါတယ်။
ကျွန်တော်သူတို့ကိုကြည့်ဖြစ်ခဲ့သလို အဲ့လိဂ်က ကျွန်တော်အနာဂတ်မှာကန်ချင်တဲ့လိဂ်တွေထဲကတစ်ခုပါ”လို့ ဖြေကြားခဲ့ပါတယ်။ အသက် ၂၇ နှစ်သားဟာ တော့တင်ဟမ်ကနေထွက်ခွာဖွယ်ရှိနေပြီး ပြောင်းရွှေ့ကြေးပေါင် ၅၉ သန်းကြောင့် တီကိုအနေနဲ့ ခေါ်ယူနိုင်ဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။