The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့သရေကျပြီးနောက် VAR ကိုပြစ်တင်ဝေဖန်လိုက်တဲ့ ရိုဒရီ

မန်ချက်စတာစီးတီးကွင်းလယ်လူ ရိုဒရီက ယမန့်နေ့ညက ချဲလ်ဆီးကို ၁-၁ နဲ့စိတ်ပျက်ဖွယ်သရေကျပြီးနောက်မှာ VAR ကို ပြစ်တင်ဝေဖန်မှုတွေပြုလုပ်လာခဲ့ပါတယ်။

ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်အနိုင်ယူထားပြီး သူတို့ရဲ့ ၄ ကြိမ်ဆက်ပရီးမီးယားလိဂ်ဖလားအတွက် အခြေအနေကောင်းတွေပိုင်ဆိုင်နေသော်လည်း ချဲလ်ဆီးကိုတော့ အနိုင်ယူဖို့မတတ်နိုင်ခဲ့ဘဲ သရေရလဒ်သာရရှိခဲ့တာဖြစ်ပါတယ်။

ဒီရာသီ အမှတ်ပေးဖလားအဓိကပြိုင်ဘက်တွေဖြစ်တဲ့  လီဗာပူးနဲ့အာဆင်နယ်တို့က အစောပိုင်းပွဲစဉ်တွေမှာ ဂိုးပြတ်နိုင်ပွဲတွေအသီးသီးဖော်ဆောင်ထားနိုင်ပေမယ့် မန်စီးတီးကတော့ သရေရလဒ်သာယူနိုင်ခဲ့တာကြောင့် ချန်ပီယံလမ်းကြောင်းကို ထိခိုက်လာစေတာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ မန်စီးတီးဟာ သရေရလဒ်ရဖို့တောင် ရုန်းကန်ခဲ့ရပြီး ဦးဆောင်ဂိုးအရင်ခွင့်ပြုခဲ့ရကာ ပွဲပြီးကာနီး ၈၃ မိနစ်ရောက်မှာရိုဒရီဂိုက ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲပြီးကာနီးမှာ ‌ချဲလ်ဆီးနောက်ခံလူ လီဗိုင်ကိုဝယ်လ်က ဂိုးဧရိယာထဲမှာ လက်ထိဘောကျူးလွန်ခဲ့သော်လည်း ဒိုင်လူကြီးက ပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့ခြင်းမရှိတာကို ရိုဒရီက မကျေမနပ်ဖြစ်နေပါတယ်။

ကွင်းလယ်လူက "ကျွန်တော် ဒိုင်လူကြီးတွေအကြောင်းတော့ မပြောချင်တော့ပါဘူး။ ဒါပေမယ့် VAR စစ်ဆေးမှုတွေအများကြီးပြုလုပ်ခဲ့ပေမယ့် ကျွန်တော်တို့အတွက် မပါဝင်ခဲ့တာကတော့ မဖြစ်သင့်ပါဘူး။ ဒိုင်ကလည်း ပွဲကိုဆက်ကစားဖို့ပဲ ပြောနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုသရေပွဲကြောင့် မန်စီးတီး အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကိုကျဆင်းသွားပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၄ မှတ်၊ ဒုတိယကနေရာက အာဆင်နယ်နဲ့ ၂ မှတ်ကွာဟနေသော်လည်း ပွဲကျန်တစ်ပွဲကစားဖို့ကျန်ရှိနေပါသေးတယ်။

ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ကျန်ရှိတဲ့ ပွဲကျန်ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဘရန့်ဖို့‌ဒ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရိုဒရီက ယခုပွဲစဉ်ကိုအနိုင်ယူကာ ချန်ပီယံလမ်းကြောင်းပေါ် ပြန်တက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စပိန်သားက "ရာသီကုန်ဖို့က အဝေးကြီးလိုပါသေးတယ်။ ကျွန်တော်တို့ လာမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အနိုင်ရမှဖြစ်ပါမယ်။ အခြားပြိုင်ဘက်တွေကလည်း ပွဲတိုင်းကိုအနိုင်ကစားနေတာကြောင့် ကျွန်တော်တို့ နောက်ကျကျန်ခဲ့လို့မရပါဘူး။ လက်ကျန်ရာသီတွေမှာ ကျွန်တော်တို့ ဒီထက်ပိုပြီး သန်မာဖို့လိုပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။