
ဘင်ဖီကာကစားသမားတွေနဲ့ ပြဿနာဖြစ်ခဲ့တဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာတဲ့ ရာဖင်ဟာ
ယနေ့နံနက် ဘင်ဖီကာကို ၄-၅ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဘာစီလိုနာကစားသမားတွေဟာ ပြိုင်ဘက်ကစားသမားတွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ယခုအခါမှာတော့ ရာဖင်ဟာက ပြဿနာရဲ့အဓိကအကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘာစီလိုနာအတွက် အနိုင်ဂိုးကို ပွဲပြီးကာနီး ၉၀+၆ မိနစ်မှာ ရာဖင်ဟာကသွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုပါသွင်းဂိုးမတိုင်မီ ဘင်ဖီကာ ကစားသမားအချို့က ဘာစီလိုနာရဲ့ဂိုဧရိယာတစ်ဝိုက်မှာ ကွင်းလယ်ဒိုင်ထံ ပင်နယ်တီပြစ်ဒဏ်ဘော တောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။ ရာဖင်ဟာအနေနဲ့ အငြင်းပွားနေစဉ်အခြေအနေမှာ ဂိုးသွင်းယူခဲ့တာကြောင့် ဘင်ဖီကာ ကစားသမားတွေအနေနဲ့ ကျေနပ်ခြင်းမရှိဘဲ ကွင်းလယ်ဒိုင်ထံစောဒကတက်ခဲ့ပေမယ့် ဂိုးအဖြစ်ခွင့်ပြုခဲ့ရပြီး အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။
ပွဲအပြီးမှာ ရာဖင်ဟာက “ကျွန်တော်က လူတိုင်းကို လေးစားတဲ့လူတစ်ယောက်ပါ။ ကျွန်တော်ကွင်းထဲကနေထွက်ခွာလာချိန်မှာ ကျွန်တော့်ကို ဆဲနေတဲ့လူတွေရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုမလုပ်သင့်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အားလုံး ဒေါသထွက်နေခဲ့ကြပြီး ဘင်ဖီကာ ကစားသမားတွေကလည်း ပေါက်ကွဲနေခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ကိုလေးစားပေမယ့် လာဆဲရင်တော့ ငြိမ်ခံနေမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်တွေက ပွဲစဉ်တိုင်းမှာ ရှိတတ်ပါတယ်။လောလောဆယ်မှာ ကျွန်တော်ကတော့ ကျွန်တော့်ကစားသမားဘဝရဲ့အကောင်းဆုံးအခိုက်အတန့်ကိုရောက်ရှိနေတယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဘင်ဖီကာကိုအနိုင်ရဖို့ အတော်လေးခက်ခဲခဲ့ကြောင်းကိုလည်း ဘရာဇီးလက်ရွေးစင်က “အရမ်းခက်မယ့်ပွဲစဉ်ဆိုတာ ကျွန်တော်တို့သိထားခဲ့ပါတယ်။ သူတို့ပရိသတ်တွေအရှေ့မှာ ကစားရတာကြောင့် ပိုပြီးတော့ ခက်ခဲခဲ့ပါတယ်။ သူ့ရဲ့ကစားပုံကလည်း အရမ်းကောင်းပါတယ်။ ဒါပေမယ့် ၃-၁ ဆိုတဲ့အခြေအနေမှာ ကျွန်တော်တို့ဘက်ကလည်း ကစားအားကိုမချခဲ့ပါဘူး။ အကောင်းဆုံးပြန်လာနိုင်ဖို့ပဲ အာရုံစိုက်ခဲ့ကြပါတယ်။ ဒီပွဲက လူတိုင်းအတွက်ခန့်မှန်းရခက်စေမှာပါ။ ဘင်ဖီကာကအနိုင်ရသွားနိုင်သလို၊ ကျွန်တော်တို့ကလည်း အနိုင်ရသွားနိုင်တဲ့အခြေအနေတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော်တို့ပဲနိုင်ခဲ့ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ဘာစီလိုနာဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာတော့ အတ္တလန္တာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။