ဘာစီလိုနာသို့ ရောက်ဖို့ စွန့်စားမှုတွေလုပ်ဖို့ ပြင်ဆင်နေတဲ့ ရက်ရှ်ဖို့ဒ်
ဘာစီလိုနာဟာ အိုးထရက်ဖို့ဒ်မှာဆက်နေဖို့လုပ်နေတဲ့ ရက်ရှ်ဖို့ဒ်ကို အချိန်မီခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဖလစ်ရဲ့အသင်းကနေ မည်သည့်ကစားသမားတစ်ဦးမှ မထွက်ခွာပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ ဖြစ်နိုင်မယ်ဆိုရင် ကတ္တလန်သို့ ဆောင်းရာသီဈေးကွက်မှာ ပြောင်းချင်နေပါတယ်။
ရက်ရှ်ဖို့ဒ်ရောက်လာပါက ထွက်ခွာရမယ့် ကစားသမားကတော့ ဖာတီပဲဖြစ်ပါတယ်။ နည်းပြရဲ့အစီစဉ်မှာ မပါဝင်တော့ပေမယ့် ကစားသမားက အသင်းမှာဆက်နေချင်တာဖြစ်ပါတယ်။ လက်ကျန်ရာသီအတွက် ခေါ်ယူနိုင်ဖို့ဆိုရင် ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအား ဒီတစ်ပတ်ကုန်အထိသာ အချိန်ပေးထားတာဖြစ်ပြီး သူ့ဘက်ကလည်း စာချုပ်အတွက် အစွမ်းကုန်ကြိုးစားနေတာလည်းဖြစ်ပါတယ်။
MD ရဲ့ဖော်ပြချက်အရ အပြောင်းအရွှေ့ဖြစ်ဖို့အတွက် သူ့ရဲ့လစာကိုလည်း လျော့ယူဖို့ အစီအစဉ်ရှိကြောင်း ရက်ရှ်ဖို့ဒ်က ဘာစီလိုနာသို့ ပြောကြားထားပါတယ်။သို့သော်လည်း အပြောင်းအလဲဖြစ်ခဲ့ရင်တောင် လာလီဂါမှာစာရင်းသွင်းဖို့အတွက် ကလပ်အနေနဲ့ လစာလုံလောက်မှုမရှိနေတာပါ။ လက်ရှိမှာတော့ ဘာစီလိုနာဟာ ကစားသမားသစ်အတွက် ယူရို ၃သန်းစာသာ နေရာလွတ်ရှိနေပြီး ရက်ရှ်ဖို့ဒ်အား ရာသီဝက်ခေါ်ယူရေးအတွက် ယူရို ၉ သန်း အထိပေးရမှာဖြစ်ပါတယ်လို့ Sport က ပြောထားပါတယ်။
တိုက်စစ်မှူးကသာ လစာလျော့မယူခဲ့ဘူးဆိုရင် ဘာစီလိုနာက ယူရို ၉ သန်း နေရာလွတ်ရှိအောင် လုပ်ရမှာဖြစ်ပြီး အဲ့ဒီလိုဖြစ်ဖို့အတွက် ကစားသမားရောင်းချမှုရှိရမှာဖြစ်ပါတယ်။ ဖာတီက ဆက်နေမှာဖြစ်လို့ နောက်ထပ်ဖြစ်နိုင်ချေရှိနေတာကတော့ ခရစ္စတီယန်ဆန်ဖြစ်ပြီး ဒိန်းမတ်နိုင်ငံသား ခံစစ်မှူးဟာ ဆောင်းရာသီဈေးကွက်မတိုင်မီကတည်းက ထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။