
ရော်နယ်ဒိုကို ပေါ်တူဂီအသင်းမှာဘာကြောင့် ရွေးချယ်နေရလဲဆိုတာကို ရှင်းပြလိုက်တဲ့ မာတီနက်ဇ်
ပေါ်တူဂီအသင်းနည်းပြ မာတီနက်ဇ်က ရော်နယ်ဒိုကို အသက် ၄၀ အထိ ပေါ်တူဂီအသင်းမှာ ဘာကြောင့်ရွေးချယ်နေရလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်းကတည်းက စီနီယာကစားသမားဘဝစတင်ခဲ့တာဖြစ်ပြီး အခုအချိန်အထိ ပါဝင်ခွင့်ရရှိနေကာ ၂၂ နှစ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
အံ့အားသင့်စရာမရှိလောက်အောက် ရော်နယ်ဒိုရဲ့အချက်အလက်တွေကလည်း ထင်ရှားနေတာဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ နိုင်ငံအသင်းအတွက် ၂၁၇ ပွဲမှာ ၁၃၅ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။
အသက် ၄၀ ရှိနေပြီဖြစ်ပေမယ့်လည်း ရော်နယ်ဒိုတစ်ယောက် အနားယူမယ့်အနေအထားမရှိသေးပဲ ပွဲအရေအတွက် နဲ့ ဂိုးတွေထပ်မြင်ရဖို့များနေပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားက ကစားသမားဘဝဂိုး ၁၀၀၀ ပြည့်မြောက်ဖို့လည်း ပစ်မှတ်ထားနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပါဝင်ဖို့လည်း စီစဉ်ထားတာဖြစ်ပါတယ်။
ပေါ်တူဂီနည်းပြ မာတီနက်ဇ်ကတော့ အင်တာဗျူးမှာ “ရော်နယ်ဒိုလိုကစားသမားမျိုးအကြောင်းပြောချိန်မှာ ကျွန်တော်တို့ ရှုထောင့် ၃ ခုကနေ ကြည့်ရပါမယ်။ သူ့အရည်အချင်းက ထိပ်တန်းအဆင့်မှာရှိနေသလို ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ပါ။ သူ့အတွေ့အကြုံကလည်း ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ ပြီးတော့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ၆ ကြိမ်လောက်ကစားထားတဲ့ကစားသမားတစ်ဦးပါ။
သူ့ရဲ့အာရုံစူးစိုက်မှုကလည်း ရှင်းပါတယ်။ ပေါ်တူဂီအသင်းအတွက် သူကစိတ်နှစ်ထားတာပါ။ ပြီးတော့ အသင်းကိုလည်း စိတ်ခွန်အားပေးနိုင်ပါတယ်။ သူက ၂ နှစ်အတွင်း ကျွန်တော်တို့ကစားခဲ့တဲ့ ၂၁ ပွဲမှာ ၁၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီမှာ တစ်ခုတည်းသောဆုဖလားပဲ လိုအပ်နေတာပါ။ အဲ့တာက ကမ္ဘာ့ဖလားပါ။ ဖိအားတွေကို ရှောင်ရှားမယ့်မေးခွန်းမဟုတ်ပါဘူး။ ဒါပေမယ့် ရည်မှန်းချက်တော့ ရှိထားပါတယ်။ကျွန်တော်တို့ ချက်ချင်းအောင်မြင်မှု နဲ့ အနာဂတ်အတွက် တည်ဆောက်မယ့်ပရောဂျက်အတွက် မျှခြေကို ရှာဖွေရပါမယ်”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီ နဲ့ ရော်နယ်ဒိုတို့ဟာ လာမယ့်နေးရှင်းလိဂ်ဆုဖလားကိုလည်း ရယူနိုင်ဖို့ပစ်မှတ်ထားနေပြီး ကွာတားဖိုင်နယ်မှာ ဒိန်းမတ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲ့နောက် ပေါ်တူဂီအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်ရမှာဖြစ်ပါတယ်။