
ဘိုင်ယန်မြူးနစ်ဆီပြောင်းရွှေ့ဖို့အတွက် ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင် စည်းရုံးခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ဒီယက်ဇ်
ဖလော်ရီယန်ဝစ်ဇ်ရဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲနဲ့ မြူးနစ်မြို့တော်အကြောင်း ရှင်းပြပေးမှုတွေက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ကိစ္စမှာ အကူအညီဖြစ်စေခဲ့တယ်လို့ လူးဝစ်ဒီယက်ဇ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒီတိုက်စစ်မှူးနှစ်ဦးက လီဗာပူးအသင်းမှာ လအနည်းငယ်ကြာ အသင်းဖော်အဖြစ် အတူရှိခဲ့ဖူးပါတယ်။ အခုသီတင်းပတ်အစောပိုင်း၊ ဒီယက်ဇ်ထွက်ခွာမှုမတိုင်ခင် ဇွန်လအတွင်းမှာ ဖလော်ရီယန်ဝစ်ဇ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ပရီးမီးယားလိဂ်ချန်ပီယံတွေဆီ ဆက်သွယ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ပေါင် ၆၅ ဒဿမ ၅ သန်းတန် အပြောင်းအရွှေ့အဆုံးသတ်နိုင်ခဲ့တဲ့ ဒီယက်ဇ်က ပရီးမီးယားလိဂ်ဆီပြောင်းရွှေ့ဖို့ ဂျာမန်ဘီလူးကြီးတွေရဲ့ကမ်းလှမ်းမှုအပေါ် ငြင်းပယ်ခဲ့ဖူးတဲ့ လေဗာကူဆင်ကြယ်ပွင့်ဟောင်းနဲ့စကားပြောဆိုဖြစ်ခဲ့မှုကို ဖွင့်ဟလာခဲ့ပါတယ်။
လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီးနောက် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဒီယက်ဇ်က “ ကျွန်တော်က ဂျာမန်ဘာသာစကားနဲ့ ရင်းနှီးပြီးသားဖြစ်သလို ဂျာမနီမှာ ဘောလုံးကို ဘယ်လိုပုံစံမျိုးကစားတယ်ဆိုတာ အကြမ်းဖျင်းအားဖြင့် သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဖလော်ရီယန်ဝစ်ဇ်နဲ့စကားပြောဖို့ အခွင့်အလမ်းတစ်ရပ်ရှိခဲ့တယ်ဆိုတာလည်း မှန်ကန်ပါတယ်။ ဒီလိဂ်ပြိုင်ပွဲဟာ အင်္ဂလန်လိဂ်ပြိုင်ပွဲနဲ့ မတူညီပါဘူး။ ဒါပေမဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲကလည်း ပြိုင်ဆိုင်မှုပြင်းထန်သလို ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှု များပြားပါတယ်။ ဒီနိုင်ငံမှာ ဘောလုံးကစားရတာ ကောင်းမွန်ပါတယ်။ အသင်းကောင်းတွေလည်း အများကြီးရှိသလို ကွင်းလုံးပြည့်အားပေးတဲ့ပရိသတ်တွေလည်း အမြဲတမ်းရှိပါတယ်။
ဒီမြို့တော်ကြီးက ကြီးကျယ်ခမ်းနားလွန်းတယ်ဆိုတာကို ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင် ပြောပြခဲ့ဖူးပါတယ်။ ဒီမှာ တကယ်ပျော်စရာကောင်းတယ်လို့လည်း သူပြောပြပါတယ်။ ကျွန်တော့်အတွက် ကံကောင်းပါစေလို့လည်း သူဆုတောင်းပေးခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ကို အထူးကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။