The network connection is lost.

Banner Image

မန်စီးတီးကို အောက်အသင်းဆိုပြီး ပြောဆိုမှုတွေအပေါ် ငြင်းဆန်တုံ့ပြန်ခဲ့တဲ့ အန်ဆယ်လော့တီ

စပိန်ဘီလူးကြီးကိုအနိုင်ယူဖို့အတွက်အခွင့်အရေး တစ်ရာခိုင်နှုန်းသာရှိတယ်ဆိုတဲ့ ပက်ဂွါဒီယိုလာရဲ့ ပြောစကားကို ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက ဘေးဖယ်ထားလိုက်ပြီး လက်ရှိဥရောပချန်ပီယံတွေမှာ မပြောပလောက်တဲ့အားသာချက်အနည်းငယ်လောက်ပဲ ရှိထားတာပါလို့ တုံ့ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်၊ အီတီဟတ်ကွင်း ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးကို ရီးရဲလ်မက်ဒရစ်က နောက်မှလိုက်ကစားကာ ၂-၃ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီကတော့ အိမ်ကွင်းပရိသတ်တွေရှေ့မှောက် ချန်ပီယံလိဂ်နောက်ဆုံး ၁၆-သင်းအဆင့်ဆီ တက်လှမ်းနိုင်ဖို့ ကြိုးပမ်းရမယ့်ကိစ္စမှလွဲပြီး ဘယ်အရာကိုမှ မတွေးတောထားရန် သူ့ရဲ့ကစားသမားတွေဆီ တိုက်တွန်းသွားခဲ့ပါတယ်။

အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲအတွင်း အီတာလျံသားကြီးက “ အရိုးသားဆုံးပြောရရင် ပက်ဂွါဒီယိုလာကိုယ်တိုင်တောင် သူရဲ့စကားကို မယုံကြည်ထားပါဘူး။ ဒါပေမယ့် ပွဲမတိုင်ခင်တော့ သူ့ဆီ ဒါနဲ့ပတ်သက်လို့ တစ်နည်းနည်းနဲ့မေးသွားရပါလိမ့်မယ်”လို့ အရွှမ်းဖောက်ခဲ့ပါတယ်။ ဆက်လက်ပြီး အန်ဆယ်လော့တီက “ သူတို့ဆီမှာ ရှေ့ဆက်နိုင်ဖို့အတွက် အခွင့်အရေးတစ်ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပက်ဂွါဒီယိုလာလည်း မယူဆထားပါဘူး။ 

ကျွန်တော်တို့ကလည်း နောက်တစ်ဆင့်တက်ဖို့ ၉၉ ရာခိုင်နှုန်းသေချာနေပြီလို့ မတွေးထားပါဘူး။ မန်ချက်စတာမြေမှာ ကျွန်တော်တို့အသင်း လုပ်ပြခဲ့တဲ့ အရာတွေကြောင့်သာ အခုလိုမပြောပလောက်တဲ့အားသာချက်တစ်ခု ရှိနေတာပါ။ ကျွန်တော်တို့တွေ ဒီအားသာချက်ကို အသုံးချသွားဖို့တော့ လိုအပ်ပါတယ်။ အားသာချက်နဲ့ကစားရတာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုဖြစ်ပြီး ကိုင်တွယ်ဖို့လည်း ခက်ခဲပါတယ်။ ကျွန်တော် ဒီနေရာအထိလာပြီး ပြောနိုင်တဲ့အရာတစ်ခုကတော့ ကျွန်တော်တို့မှာ ဘာအားသာချက်မှမရှိသလို ဂိုးမရှိသရေရလဒ်ပုံစံမျိုးနဲ့သာ ကစားသွားရမယ်ဆိုတာပါပဲ။ ဒါပေမယ့် အခုလိုပြောတာက အဓိပ္ပါယ်မရှိသလို ကျွန်တော့်ကိုလည်း ဘယ်သူမှ ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ထိန်းချုပ်နိုင်မယ့်အရာက အသင်းရဲ့အတွေးအခေါ်ပိုင်းသာဖြစ်ပြီး ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်စေခဲ့တဲ့ လွန်ခဲ့တဲ့သီတင်းပတ်ပွဲစဉ်လိုမျိုးပဲ ကစားသွားနိုင်အောင် လုပ်သွားရပါမယ်။ ဒါပေမယ့် ကိုယ့်မှာ အားသာချက်ရှိထားတယ်ဆိုတာလည်း မမေ့ထားနိုင်ပါဘူး” လို့ ပြောပါတယ်။ လတ်တလောသီတင်းပတ်တွေအတွင်း လာလီဂါဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက သက်ဆိုင်ရာဆီ တရားဝင်တိုင်ကြားစာပို့ခဲ့ပြီး အန်ဆယ်လော့တီကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အငြင်းပွားစရာအဖြစ်အပျက်တွေ နည်းပါးပေမယ့် VAR နဲ့ပတ်သက်လို့ သူ့အတွက် ပြဿနာတွေ ရှိနေတုန်းပဲလို့ ပြောပါတယ်။

အန်ဆယ်လော့တီက “ ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့ ခံစားရပြီး စာရင်းဇယားအချက်အလက်တွေက စကားပြောသွားပါလိ့မ်မယ်။ ဒီပြိုင်ပွဲမှာတော့ အငြင်းပွားစရာဖြစ်ရပ်တွေ နည်းပါးပြီး VAR ရဲ့ကြားဖြတ်ဝင်ရောက်မှုလည်း နည်းပါးပါတယ်။ လိုအပ်တဲ့အချိန်မှသာ ကြားဖြတ်ဝင်ရောက်တာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သက်ဆိုင်ရာနိုင်ငံအလိုက် အကောင်းဆုံးဒိုင်လူကြီးတွေကိုပဲ ရွေးချယ်တာဝန်ပေးပြီး အရည်အသွေးပိုင်း အရမ်းမြင့်မားလှပါတယ်။

ကျွန်တော်ကတော့ VAR စနစ်အပေါ် သံသယတွေ ရှိနေတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ VAR က ကွင်းလယ်ဒိုင်တွေရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုကို အဝေးဆီရောက်သွားအောင် လုပ်ဆောင်ခဲ့တယ်လို့ ထင်မြင်ယူဆထားလို့ ဖြစ်ပါတယ်။ ဒါက အတော်လေးအန္တရာယ်များတဲ့ စနစ်တစ်ခုပါ။ VAR ကို ဘောလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ဝင်ရောက်စွတ်ဖက်ဖို့မဟုတ်ဘဲ သိသားထင်ရှားတဲ့အမှားတွေကို ရှောင်ရှားနိုင်ဖို့သာ မိတ်ဆက်ပေးထားတာပါ။ မကြာခဏဆိုသလိုပဲ VAR ရဲ့ရည်ရွယ်ချက်က ဓါတ်ပုံတစ်ခုအတွက် ဘောလုံးလောကရဲ့သဘာဝကျမှုအကုန်လုံးကို ဖယ်ရှားပစ်လိုက်သလိုမျိုး ဖြစ်နေပါတယ်”လို့ ပြောပါတယ်။