The network connection is lost.

Banner Image

အီတလီကို အနိုင်ရပြီးနောက် စပိန်က လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တယ်လို့ ကြွေးကြော်လာတဲ့ ဖူရန်တီ

စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖူရန်တီက ယနေ့နံနက်မှာ အီတလီကို ၁-၀ နဲ့ အနိုင်ရကာ ယူရို ရှုံးထွက် ၁၆ သင်းအဆင့်ကို စောစောစီးစီး တက်ရောက်နိုင်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့အသင်းဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်တယ်လို့ ကြွေးကြော်လာခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ ယူရိုရှုံးထွက် ၁၆ သင်း အဆင့်ကို တက်ရောက်ထားနိုင်တဲ့ အသင်းတွေက စပိန်နဲ့ အိမ်ရှင်ဂျာမနီတို့ ၂ သင်းသာ ရှိပါသေးတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဖူရန်တီက “လက်ရှိစပိန်အသင်းက ကျွန်တော် တာဝန်ယူခဲ့တဲ့တစ်လျှောက်မှာ အကောင်းဆုံးပါပဲ။ ယူအီးအက်ဖ်အေနေရှင်နယ်လိဂ်မှာ အီတလီနဲ့ ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် ဒီညကစားခဲ့တဲ့ပွဲက ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ ထင်ပါတယ်”  “ကျွန်တော့်အနေနဲ့ စပိန်ရဲ့ဘောလုံးလောကကို မြှင့်တင်ပေးနိုင်ဖို့ဆိုရင် ဘယ်တော့မှ မမောမပမ်းဘဲ ကြိုးစားနိုင်ပါတယ်။ ပွဲစဉ်တွေအမျိုးမျိုး  ကစားပြီးနောက်မှာတော့ လက်ရှိကမ္ဘာ့အကောင်းဆုံး  အသင်းက စပိန်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လို့ ဆုဖလားတွေသာရရှိမယ်ဆိုရင်တော့ ဘယ်သူမှ ငြင်းနိုင်တော့မှာမဟုတ်ပါဘူး” “ဒါပေမယ့် အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ကစားသမားမျိုးဆက်ကလည်း အများကြီးအရည်အသွေးရှိပါတယ်။ စပိန်ကစားသမားတွေက ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယခု အီတလီနဲ့ပွဲစဉ်မှာ စပိန်ဟာ အီတလီရဲ့နောက်တန်းကစားသမား ရီကာဒိုကာလာဖီယိုရီရဲ့ OG ကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂိုးသမား ဒွန်နာရမ်မာရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ဖူရန်တီက “ဒီရလဒ်အတွက် ကျွန်တော်အလွန်ဂုဏ်ယူပါတယ်။ ပြီးတော့ ဒီအသင်းကိုနည်းပြရတာနဲ့ ဒီလိုနိုင်ပွဲတွေဖော်နိုင်ခဲ့တဲ့အတွက်ရော ဂုဏ်ယူပါတယ်။ ဒီပြိုင်ပွဲက ပြိုင်ဆိုင်မှုအရမ်းပြင်းထန်ပြီး နောက်တစ်ဆင့်ကိုတက်နိုင်လေ ပိုခက်လေပါပဲ။ ရှုံးထွက်အဆင့်တွေမှာ ကျွန်တော်တို့အနေနဲ့ ပိုပိုပြီးခက်ခဲလာမှာဖြစ်ပြီး ထိပ်တန်းအသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ရဦးမှာပါ။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ထက်ပိုကောင်းတဲ့အသင်းကတော့ ရှိလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုပြီး တိုးတက်အောင်လုပ်သွားဖို့နဲ့ သက်သေပြသွားဖို့လိုပါသေးတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။